လွိုင်ကော် စက်တင်ဘာ ၁၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်းသည် ကယားပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁၅ ရက်က ဘောလခဲမြို့နယ်သို့ သွားရောက်ကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့်အဖွဲ့သည် ဘောလခဲမြို့နယ်ဧည့်ရိပ်သာသို့ရောက်ရှိပြီး ဘောလခဲခရိုင်/မြို့နယ်များမှ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်က အဖွင့်အမှာစကားပြောကြား၍ ခရိုင်အဆင့် / မြို့နယ်အဆင့် ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာများ၏ တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အခြေအနေများကို ဖြည့်စွက်ဆွေးနွေးမှာကြားသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေနှင့် အခြေခံစားသောက်ကုန်များ ပေးအပ်ကြသည်။
ထိုမှတစ်ဆင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့်အဖွဲ့သည် နယ်မြေခံတပ်မတော်ဆေးရုံသို့ သွားရောက်၍ ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်နှင့် မိသားစုဝင်များ၊ ပြည်သူများအား လှည့်လည်ကြည့်ရှု၍ အားပေးစကားပြောကြားကာ ထောက်ပံ့ငွေနှင့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ကြသည်။
ဆက်ကပ်လှူဒါန်း
စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘောလခဲမြို့ မင်းကျောင်းဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ဘောလခဲမြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား ဖူးမြော်ကြည်ညိုပြီး ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ ဘောလခဲခရိုင် ရဲတပ်ဖွဲ့မှူးရုံးသို့ရောက်ရှိကာ ရဲတပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ထောက်ပံ့ငွေနှင့် အခြေခံစားသောက်ကုန်များ ပေးအပ်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့် အဖွဲ့သည် ဘောလခဲမြို့နယ် ဆင်ဖြူရှင်ခန်းမသို့ရောက်ရှိပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိ မြို့ဖများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်အပေါ် ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ အမှာစကားပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင် ရွက်နေမှုအခြေအနေများကို ဆွေးနွေးပြောကြားသည်။ ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများက လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာဝန်ထမ်းများ၊ ဒေသခံပြည်သူများအား ထောက်ပံ့ငွေနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ကာ ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားကြသည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့်အဖွဲ့သည် ဖားဆောင်းမြို့နယ်သို့ရောက်ရှိကာ မြို့နယ်ခန်းမ၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများအား တွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်က အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာအခမ်းအနားသို့ တက်ရောက်လာကြသူများအား အခြေခံစားသောက်ကုန်နှင့် ထောက်ပံ့ငွေများ ပေးအပ်ကြသည်။
ထို့နောက် ဖားဆောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့သွားရောက်၍ ဆေးရုံအတွင်း ဆေးကုသမှုခံယူလျက်ရှိသည့် လူနာများအား ကြည့်ရှုအားပေးစကားပြောကြားကာ အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ကြသည်။
ယင်းနောက် ဖားဆောင်းမြို့နယ် မွေတော်ပရိယတ္တိစာသင်တိုက် သို့ရောက်ရှိကာ မြို့နယ်အတွင်းရှိ ဆရာတော်သံဃာတော်များအား ဖူးမြော်ကြည်ညို၍ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထိုမှတစ်ဆင့် ဖားဆောင်းမြို့နယ် မြို့မရဲစခန်းသို့သွားရောက်၍ တာဝန်ထမ်းဆောင်နေကြသော ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေနှင့် အခြေခံစားသောက်ကုန်များ ပေးအပ်သည်။
ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကယားပြည်နယ် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာတည်ဆောက်ရေး ကုမ္ပဏီဝန်ထမ်းများနှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများကို အရည်အသွေးပြည့်မီစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက စနစ်တကျကြီးကြပ်ဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်က လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်ပြီးစီးသည့် ဝန်ထမ်းအိမ်ရာများနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် တည်ဆောက်နေသည့် ဝန်ထမ်းအိမ်ရာများကို လိုက်လံကြည့်ရှုစစ်ဆေးကြသည်။
ငါးသားပေါက် ကိုးသောင်းထောက်ပံ့
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့် အဖွဲ့သည် လွိုင်ကော်မြို့ နောင်ယားကန် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းနှင့် ငါးမွေးတောင်သူများသို့ ငါးသားပေါက်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ကြပြီး နောင်ယားကန် သဘာဝရေပြင်အတွင်းသို့ ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်းနှင့် ငါးခုံးမကောင်ရေ နှစ်သိန်းနှစ်သောင်းငါးထောင် စိုက်ထည့်ပေးကြကာ သတ္တပလူကျေးရွာနှင့် မှုံပြာကျေးရွာများမှ ငါးမွေးတောင်သူများ၊ ဒီးမော့ဆိုမြို့နယ် ကျွန်းတောကျေးရွာနှင့် နန်းစံခန်းကျေးရွာမှ စပါး/ငါးတွဲဖက် မွေးမြူနေသည့် ငါးမွေးတောင်သူများအား ငါးသားပေါက်ကောင်ရေကိုးသောင်းကို အခမဲ့ထောက်ပံ့ပေးအပ်ကြသည်။
သတင်းစဉ်