မန်တုံ စက်တင်ဘာ ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်တို့သည် ယနေ့နံနက်ပိုင်းက ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့တိမ်ကြားမင်းခေါင်ခန်းမ၌ မန်တုံမြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အတတ်ပညာ၊ အသိပညာနှင့်ပြည့်စုံသည့် လူသားအရင်းအမြစ်များလိုအပ်ပါကြောင်း၊ ထို့ကြောင့်ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်နိုင်အောင် ဆောင်ရွက်ပေးကြရမည်ဖြစ်ပြီး ဗလငါးတန်ဖြင့် ပြည့်စုံသည့် လူငယ်များဖြစ်အောင် မွေးထုတ်ပေးကြရန်လိုကြောင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် ဒေသခံပြည်သူများနှင့် တာဝန်ရှိသူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရန်ကျော်က တိုင်းရင်းသားပြည်သူများ၏အရေးကိစ္စကို ဖြေရှင်းဆောင်ရွက်ပေးနေမှု၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် မြို့ပြနှင့်ကျေးလက်ကွာဟမှုမရှိစေရန်နှင့် ဆင်းရဲမှုနည်းပါးအောင် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာသည့် ဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များက ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ချီးမြှင့်ငွေများပေးအပ်
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မန်တုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တပ်ရင်းတပ်ဖွဲ့နှင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များကို စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်ပြီး တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များနှင့် ပညာရေး၊ ကျန်းမာရေးဌာနတို့ကို ချီးမြှင့်ငွေများ ပေးအပ်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မန်တုံမြို့နယ် နမ့်ကုမ်ချောင်း ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများကို လှည့်လည်ကြည့်ရှုပြီး မန်တုံမြို့အောင်ချမ်းသာမာန်တောက်ကျောင်း ဆရာတော်ဉူးသုနန္ဒအား သွားရောက်ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်ပြည်သူ့ဆေးရုံသို့သွားရောက်၍ ဆေးကုသမှု ခံယူနေသော ဒေသခံပြည်သူများကို အားပေးစကားပြောကြားကာ အာဟာရဖြည့်စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်ပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုကာ နမ့်ဆန်ပြည်သူ့ဆေးရုံအတွက် အလှူငွေများ ပေးအပ်လှူဒါန်းသည်။
ထောက်ပံ့ငွေများပေးအပ်
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များသည် နမ့်ဆန်မြို့ရှိ ဇယန်းကြီးဘုန်းတော်ကြီးကျောင်းသို့သွားရောက်၍ ဆရာတော်မဟာသဒ္ဓမ္မဇောတိကဓဇအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပြီး ဘုန်းတော်ကြီး သင်ပညာရေးအတွက် ထောက်ပံ့ငွေများပေးအပ်သည်။
ယင်းနောက် ပတ္တမြားစေတီနှင့် နမ့်ဆန်မြို့ မဟာမြတ်မုနိဘုရားအား သွားရောက်ဖူးမြော်ကြည်ညိုကာ အလှူငွေများလှူဒါန်းကြသည်။
ထို့အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များသည် ယမန်နေ့မွန်းလွဲပိုင်းကလည်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့တောင်ပိုင်ခန်းမ၌ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများ၊ ပလောင်တိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက အမှာစကားပြောကြားပြီး တွေ့ဆုံပွဲသို့တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များက ပလောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးမှုများအပေါ် ထောက်ပံ့ငွေပေးအပ်ပွဲကိုကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရှမ်းပြည်နယ်အစိုးရအဖွဲ့ သဘာဝဘေးရန်ပုံငွေမှ နမ့်ဆန်မြို့ ဟူးခင်ကျေးရွာအုပ်စု မန်စပ်ကျေးရွာ ဘုန်းကြီးကျောင်းဆွမ်းစားဆောင် အနောက်ဘက် ကမ်းပါးယံကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းအတွက် ခွင့်ပြုရန်ပုံငွေကျပ် ၁၃၆,၈၀၀,၀၀၀၊ နမ့်ဆန်မြို့ မြို့လယ်ရပ်ကွက်ရှိ ဒေသ/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အနောက်ဘက်မြေထိန်းနံရံအား ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းအတွက် ခွင့်ပြုရန်ပုံငွေကျပ် ၁၃၀,၀၀၀,၀၀၀၊ နမ့်ဆန်မြို့မင်္ဂလာရပ်ကွက် ဗိုလ်တာရာလမ်း မြို့နယ်စည်ပင်ရုံးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ အောက်လမ်းကမ်းပါးယံအား ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းအတွက် ခွင့်ပြုရန်ပုံ ငွေကျပ် ၅၃,၂၀၀,၀၀၀၊ နမ့်ဆန်မြို့နယ် ဟူးခင်ကျေးရွာအုပ်စု မန်စပ်ကျေးရွာအတွင်းရှိ မန်စပ် - ရေပူစမ်း (ကျောက်ချောလမ်း)နှင့် Box Culvert တည်ဆောက်ခြင်းလုပ်ငန်းအတွက် ခွင့်ပြုရန်ပုံငွေကျပ် ၈,၅၀၀,၀၀၀ ကိုပေးအပ်ရာ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လက်ခံရယူကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးရွှေကြိမ်းက ပလောင်တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့အတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ ပလောင်တိုင်းရင်းသား စာပေယဉ်ကျေးမှုအဖွဲ့က လက်ခံရယူသည်။
ဖူးမြော်ကြည်ညို
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များသည် ခန်းမအတွင်းခင်းကျင်းပြသထားသော ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနမ့်ဆန်မြို့ MSMEs ဒေသထွက်ကုန်ပစ္စည်းများကို လှည့်လှည်ကြည့်ရှုကြပြီး နမ့်ဆန်မြို့ မြို့မဂိုဏ်းချုပ်ကျောင်းတိုက်သို့သွားရောက်၍ မြို့မဂိုဏ်းချုပ်ဆရာတော် ဘဒ္ဒန္တဝိမလအား ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များသည် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးရုံးတွင် ပလောင်စာပေယဉ်ကျေးမှုအဖွဲ့နှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်