Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ မြောက်ဦးခရိုင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လှည့်လည်ကြည့်ရှု

စစ်တွေ စက်တင်ဘာ ၁၆

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက တပ်မတော်ရဟတ်ယာဉ်ဖြင့် စစ်တွေမြို့မှ ကျောက်တော်၊ မြောက်ဦးနှင့် ကျောက်ဖြူ မြို့နယ်များသို့သွားရောက်ပြီး အဆိုပါမြို့နယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံကြကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေနှင့်အဖွဲ့သည် ကျောက်တော်မြို့သို့ရောက်ရှိပြီး စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်) အစည်းအဝေးခန်းမ၌ ကျောင်းအုပ်ဆရာကြီး၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က အမှာစကားပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် ကျောက်တော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က ရခိုင်ပြည်နယ်သည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများတွင် အလားအလာကောင်းများစွာရှိသည့် ပြည်နယ်တစ်ခုဖြစ်ရာ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်များသည် စိုက်ပျိုးရေးကဏ္ဍတွင် ပြည်နယ်၏အဓိကအားထားရသော မြို့နယ်များဖြစ်ကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို နည်းစနစ်မှန်စွာဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရန် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်းနှင့် ရခိုင်ပြည်နယ်၏ ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသော မြို့မိမြို့ဖများ၊ တောင်သူများနှင့် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး လိုအပ်ချက်များကိုရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကျောက်တော်တောင်ဘုရား၌ ဓာတ်လှေကားတည်ဆောက်ရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းငွေကျပ် သိန်း ၁၀၀ နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေက လှူဒါန်းငွေများကိုပေးအပ်ပြီး ကျောက်တော်မြို့နယ် ရှေးဟောင်းသမိုင်းဝင် မဟာမုနိဗုဒ္ဓရုပ်ပွားတော်မြတ်အား သွားရောက်ဖူးမြော်ကြကာ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြပြီး ဘုရားကြီးသိမ်တော် ဘက်စုံပြုပြင်ရန်အတွက် အလှူငွေများပေးအပ်လှူဒါန်းကြသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် မြောက်ဦးမြို့သို့သွားရောက်ပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က အမှာစကားပြောကြားပြီး ဒေသခံပြည်သူများက သောက်သုံးရေရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြား၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။

ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့သို့ သွားရောက်ပြီး ကျောက်ဖြူမြို့ရမ္မာဝတီခန်းမ၌ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က အမှာစကားပြောကြားပြီး တက်ရောက်လာကြသော မြို့မိမြို့ဖများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများက အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ မြို့တွင်းရေစီးရေလာကောင်းမွန်ရေး၊ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်