ဖလမ်း စက်တင်ဘာ ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်သည် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်၊ ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဖလမ်းမြို့ နယ်မြေခံတပ်ရင်းအစည်းအဝေးခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက် (၉)ရပ်ချမှတ်၍ စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသခံများအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် အဓိကသီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်းသွားရန်လိုကြောင်း၊ အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်ရေး ကြိုးပမ်းသွားရန်လိုကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရန် ပညာရေးကိုအထူးဦးစား ပေးဆောင်ရွက်ရန်လိုကြောင်း၊ ထို့ပြင်ကျန်းမာရေးသည် အရေးကြီးသည့်အတွက် ချင်းပြည်နယ်အတွင်းလိုအပ်သည့် ဆရာဝန်၊ သူနာပြုများ ဖြည့်ဆည်းပေးနိုင်ရေးစီမံဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်၏အန္တိမရည်မှန်းချက်သည် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ် အောင်မြင်စွာကျင်းပနိုင်ရေးဖြစ်သည့်အတွက် တည်ငြိမ်အေးချမ်းစွာ အကောင်အထည်ဖော်နိုင်ရေး အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်က အမှာစကား ပြောကြားသည်။
ထို့နောက် ဖလမ်းမြို့ မြို့မိမြို့ဖများက ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍတို့နှင့် ပတ်သက်၍လိုအပ်ချက်များကို တင်ပြကြရာ တင်ပြချက်များအပေါ် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားဆွေးနွေးကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နှင့်တာဝန်ရှိသူများက အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ကြရာ မြို့မိမြို့ဖ၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လက်ခံရယူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က နိဂုံးချုပ်အမှာစကား ပြောကြားကာ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နှင့်အဖွဲ့သည် တီးတိန်မြို့ နယ်မြေခံတပ်ရင်းခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်က မိမိတို့နိုင်ငံတွင် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်လျက်ရှိရာ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးသည် အရေးကြီးဆုံးဖြစ်သည့်အတွက် တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးမှုရရှိရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံတော်အစိုးရက ကျန်းမာရေး၊ ပညာရေး၊ လူငယ်ကဏ္ဍအပါအဝင် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိရာ ပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ချင်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ဧကများ ပြည့်မီစွာစိုက်ပျိုးရန်လိုကြောင်း၊ သမဝါယမကဏ္ဍ ဖွံ့ဖြိုးရေးအတွက် အားပေးမြှင့်တင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကိုယ့်ကျင့်တရားကောင်းမွန်ရေးအတွက် ကလေးအရွယ်မှစ၍ အကျင့်ကောင်းများ ပြုစုပျိုးထောင်ပေးရမည်ဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် တီးတိန်မြို့ မြို့မိမြို့ဖများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ ခရီးစဉ်တွင် လိုက်ပါလာသည့်ဝန်ကြီးဌာနများမှ တာဝန်ရှိသူတို့က ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဂျုံ၊ နေကြာမျိုးစေ့နှင့် ဓာတ်မြေသြဇာများကို တောင်သူများထံပေးအပ်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က အမှတ်တရလက်ဆောင်များကိုပေးအပ်ကြရာ မြို့မိ မြို့ဖ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်