Skip to main content

နယ်လှည့်အထူး‌ဆေးကုသရေးအဖွဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် စက်တင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ပေါ်နေ ဒေသခံပြည်သူများနှင့် ပတ်ဝန်းကျင်ရှိကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သည် စက်တင်ဘာ ၁၁ ရက်နေ့က နေပြည်တော်မှ စတင်ထွက်ခွာလာရာ အဆိုပါနယ်လှည့်အထူးဆေးကုသရေးအဖွဲ့အား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တွဲဖက်စစ်ရေးချုပ်၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး၊ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။

အဆိုပါ နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သည် စက်တင်ဘာ ၁၂ ရက်တွင် ရွှေဘိုမြို့သို့ရောက်ရှိပြီး မြို့တော်ခန်းမ၌ အခြေပြုလျက်ရှိသည်။ ၎င်းနယ်လှည့်အထူးဆေးကုသရေးအဖွဲ့သည် ယနေ့တွင် ရွှေဘိုမြို့ပေါ်ရပ်ကွက်များနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူစုစုပေါင်း ၇၂၀ ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၇၉ ဦး၊ ခွဲစိတ်ရောဂါ ၅၅ ဦး၊ ကလေးရောဂါ ၅၃ ဦး၊ သားဖွားမီးယပ်ရောဂါ ၂၈ ဦး၊ အရိုးရောဂါ ၉၈ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၃၃ ဦး၊ မျက်စိရောဂါ ၂၃၀ ဦးနှင့် သွားရောဂါ ၄၄ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ အထွေထွေခွဲစိတ်လူနာ ၈ ဦးနှင့် မျက်စိခွဲစိတ်လူနာ ၄ ဦး တို့ကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် ဓာတ်မှန်ရိုက်လူနာ ၅၉ ဦး၊ Ultrasound ဖြင့် စမ်းသပ်စစ်ဆေးလူနာ ၆၆ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ် လူနာ ၆၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၆၉ ဦးတို့ကို ရွေ့လျား ဓာတ်မှန်ရိုက် ယာဉ်တို့ဖြင့် ရောဂါရှာဖွေစမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည့်အပြင် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်‌ဆောင်းထိုးနှံရန် လိုအပ်သူများကို ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးသည်။ ထို့ပြင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အားဝန်ကြီးဌာန၊ ရွှေဘိုမြို့နယ်ဦးစီးမှူးရုံးမှ Biometric အချက်အလက်ကောက်ယူခြင်းနှင့် UID နံပါတ်ထုတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

နယ်လှည့်အထူးဆေးကုသရေးအဖွဲ့သို့ ဆေးကုသမှုခံယူနေသည့် ဒေသခံပြည်သူများ စားသောက်ရေးအဆင်ပြေစေရန်အတွက် တာဝန်ရှိသူများနှင့် ဒေသခံစေတနာရှင်ပြည်သူများက နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးကြသည်။ ယင်းသို့ဆောင်ရွက်ပေးနေမှုများကို ရွှေဘိုတပ်နယ်မှ တာဝန်ရှိသူများ၊ ရွှေဘိုမြို့နယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု့အားပေးခဲ့ကြောင်း သတင်းရရှိသည်။