Skip to main content

(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် စက်တင်ဘာ ၁၂

(၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးများကို ငွေအား၊ လူအား၊ အချိန်အားဖြင့် လုံ့လစိုက်ထုတ်ပြီး စဉ်ဆက်မပြတ်ကျင်းပနိုင်ရန် ဆောင်ရွက်နေခြင်းသည် နိုင်ငံတော်နှင့် နိုင်ငံသူနိုင်ငံသားများ၏ ရေရှည်အကျိုးကိုရှေးရှုပြီး မြန်မာ့ရိုးရာယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရေး၊ ကောင်းမြတ်သောအမွေအနှစ်များ လက်ဆင့်ကမ်းနိုင်ရေးအတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။

ဖွင့်ပွဲအခမ်းအနား၊ ပြိုင်ပွဲများကျင်းပခြင်း၊ ဆုချီးမြှင့်ပွဲ၊ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားများကို ခမ်းနားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းကော်မတီ၊ ဆပ်ကော်မတီများမှ တာဝန်ရှိသူများ၊ တာဝန်ခံများအနေဖြင့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရန် ကဏ္ဍအလိုက်ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ကျန်ရှိသည်များကို သတ်မှတ်အချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက်ကြရန်နှင့် နှောင့်နှေးကြန့်ကြာမှုများရှိပါက အခက်အခဲများကို တင်ပြဆွေးနွေးသွားကြရန် ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ပြိုင်ပွဲကျင်းပရေးနှင့်ပတ်သက်၍ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန်ကျန်ရှိသော လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်များ၊ ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ဆပ်ကော်မတီဥက္ကဋ္ဌများက မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြိုင်ပွဲကျင်းပရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြား၍ နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်