နေပြည်တော် စက်တင်ဘာ ၁၂
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုများ၊ ကုန်ထုတ်လုပ်ငန်းများ၊ MSME လုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို တိုးတက်ပြီးစံပြဖြစ်အောင်ဆောင်ရွက်ရာတွင် အားသာချက်၊ အားနည်းချက်များကိုသုံးသပ်ပြီး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးကုန်ထုတ်လုပ်ငန်းများ၊ MSME ကုန်ထုတ်လုပ်ငန်းများကို ပြည်ပထုတ်ကုန်အဖြစ် အဆင့်မီအောင်ထုတ်ကုန်အဆင့်မြှင့်တင်ရေး လုပ်ငန်းများကို ထုတ်လုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် အမြဲမပြတ်ထိတွေ့ပြီး ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များက နေပြည်တော်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ၊ မွေးမြူရေးလုပ်ငန်းများ၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် Quick Win အစီအမံငါးရပ်ဖြင့် ဆောင်ရွက်နေမှု၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း Biometric ကောက်ယူမှု ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြသည်။
ညှိနှိုင်းဆောင်ရွက်ပေး
ယင်းနောက် ကုန်ထုတ်လုပ်ငန်းများမြှင့်တင်ရေး၊ စိုက်ပျိုးမှုပန်းတိုင် အထွက်နှုန်းတိုးတက်ရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ အသေးစား၊ အလတ်စားကုန်ထုတ်လုပ်ငန်းများဆောင်ရွက်နေမှု၊ စိုက်ပျိုးရေပေးဝေနေမှုအခြေအနေများ၊ ကုန်ဈေးနှုန်းတည်ငြိမ်စေရေးကိစ္စရပ်များကို သက်ဆိုင်ရာဌာနများက ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်