Skip to main content

ပဲခူးတက္ကသိုလ် စုဝေးခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပ

ပဲခူး စက်တင်ဘာ ၁၁

မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက် သော လူငယ်စကားဝိုင်းကို ပဲခူးတက္ကသိုလ် စုဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံ၏အနာဂတ်ကို ဆက်လက်တာဝန်ယူသွားမည့် လူငယ်များအနေဖြင့် ဗလငါးတန်ဖွံ့ဖြိုးစေရေးလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး လူငယ်များကလည်း အသိပညာဗဟုသုတပြည့်စုံစေရန်၊ အမှား/အမှန် ကောင်းကျိုးဆိုးပြစ်များကို ဝေဖန်ပိုင်းခြားနိုင်ရန်နှင့် နောင်တစ်ချိန် နိုင်ငံ့တာဝန် များကို ထမ်းဆောင်သည့်အခါ ရဲရင့်ယုံကြည်စွာဖြင့် အများအကျိုးသယ်ပိုးထမ်းဆောင်နိုင်သော၊ တိုင်းပြည်ကအားထားရသော သားကောင်းသမီးမွန် များဖြစ်စေရန် ကြိုးစားကြစေလိုကြောင်းအဖွင့်အမှာ စကားပြောကြားသည်။ ယင်းနောက် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က “တိုင်းပြည်အနာဂတ်အတွက် လူငယ်များ၏အရေးပါမှုအခန်းကဏ္ဍ”နှင့်ပတ်သက်၍ ဆွေးနွေးဟောပြောသည်။

ထောက်ပံ့ပေးအပ်

ထို့နောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးမည့် ကျောင်းသားကျောင်းသူများက တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး လူငယ်နှင့်ဗလငါးတန် ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခြင်းနှင့်မေးခွန်းများ မေးမြန်းဖြေကြားသည်။ ယင်းနောက်ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဒုတိယဝန်ကြီးတို့က တစ်ဦးချင်းလက်ဆောင်ပစ္စည်း၊ အားကစားပစ္စည်းများနှင့် ဂုဏ်ပြုငွေများ ထောက်ပံ့ပေးအပ်ရာ ပဲခူးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအေးအေးခိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)