နေပြည်တော် စက်တင်ဘာ ၁၁
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းအစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ မွေးမြူရေးအစားအစာထုတ်လုပ်သူ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးသည်။
ဆွေးနွေးပွဲတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အကောင် အထည်ဖော် ဆောင်ရွက်နေမှုများ ၊ နို့စားနွား၊ ဆိတ်၊ ဝက်၊ ကြက်မွေးမြူရေးလုပ်ငန်းများ တိုးချဲ့နိုင်ရေး၊ မွေးမြူရေးတိရစ္ဆာန်အစာပင်များ တိုးချဲ့စိုက်ပျိုးရန်နှင့်အစာစပ်စက်ရုံများ တည်ထောင်လုပ်ကိုင်နိုင်မှု အလားအလာများ၊ ပြည်တွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူများအတွက် ခိုင်မာသော ဈေးကွက်ဖော်ဆောင်ပေးနိုင်ရေးနှင့်မွေးမြူရေးထွက်ကုန် အခြေခံစားသောက်ကုန်ချောများ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည်ပုသိမ်ကြီး စိုက်ပျိုးရေးသိပ္ပံကျောင်း၏ သင်ကြားသင်ယူရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသားကျောင်းသူများအတွက် အာဟာရဖြည့်စွက်စာ ကြက်ဥနှင့်မုန့်များပေးအပ်ကာ လက်တွေ့သင်ကြား လေ့ကျင့်စိုက်ပျိုးထားသည့် စိုက်ခင်းများနှင့် ငါးမွေးမြူထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် အောင်မြေသာစံမြို့နယ် သရက်ကုန်းငါးလုပ်ငန်းစခန်းတွင် သဘာဝနည်း၊ ဆေးထိုးသားဖောက်နည်းတို့ဖြင့် ငါးသားပေါက်ရရှိရေး ဆောင်ရွက်ထားရှိမှု၊ ငါးမွေးမြူ သူများအတွက် မျိုးကောင်းမျိုးသန့်ငါးသားပေါက်များ ထုတ်လုပ်ဖြန့်ဖြူးပေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ငါးသားပေါက်ထုတ်လုပ်ရန် လျာထားချက်များပြည့်မီစေရေး၊ မျိုးငါးများကို စနစ်တကျ ကျွေးမွေးပြုစု ထိန်းသိမ်းဆောင်ရွက်ရေး၊ ရှားပါးလာသော ဒေသငါးမျိုးစိတ်များ ထိန်းသိမ်းရေး၊ ရေသတ္တဝါမွေးမြူထုတ်လုပ်မှုလုပ်ငန်းများဖွံ့ဖြိုးလာရေးအတွက် သုတေသနပြုဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။
ယင်းနောက် ပုသိမ်ကြီးမြို့နယ်ကုလားမတောင် ကျေးရွာရှိ ပုဂ္ဂလိကနို့စားနွားမွေးမြူရေးခြံနှင့် ချမ်းမြ သာစည်မြို့နယ်ရှိ ပုဂ္ဂလိကတစ်သျှူးကာချာလ် မျိုးပွားအလုပ်ရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်