နေပြည်တော် စက်တင်ဘာ ၁၁
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန ပုသိမ်အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
မှာကြား
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းမှ သင်ကြားပေးလိုက်သည့် ပညာကိုအခြေခံပြီး တစ်နိုင်တစ်ပိုင်ကိုယ်ပိုင်စီးပွားရေး ဖြစ်ထွန်းတိုးတက်လာအောင် ကြိုးစားဆောင်ရွက် စေလိုကြောင်း၊ သင်တန်းဆင်းကျောင်းသူများ အသက် မွေးဝမ်းကျောင်းလုပ်ငန်းများ ဆောင်ရွက်နိုင်မှု ရှိ၊ မရှိကို ဆရာမများက စဉ်ဆက်မပြတ်ဆန်းစစ်ဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြားသည်။
ထို့နောက် ပုသိမ်မူလတန်းကြိုကျောင်းသို့ သွားရောက်ပြီး ကလေးငယ်များ မူကြိုပညာရေး သင်ယူသင်ကြားနေမှုကို ကြည့်ရှုသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် ကယ်ဆယ်ရေးပစ္စည်း သိုလှောင်ရုံသို့သွားရောက်၍ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော Shelter များ တည်ဆောက်ပြီးစီးမှုနှင့် တည်ဆောက်ဆဲ Shelter များနှင့်ပတ်သက်၍ လိုအပ်သည်များ မှာကြားသည်။ ထို့ပြင်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ ဇာတ်တိုက်လေ့ကျင့်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားရန်၊ သိုလှောင်ရုံများတွင် မီးဘေးအန္တရာယ်နှင့်စပ်လျဉ်း၍လည်းဌာနတွင်း ဇာတ်တိုက် လေ့ကျင့်မှုများ ပိုမိုဆောင်ရွက်သွားရန်၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသိပညာဗဟုသုတများရရှိပြီး စနစ်တကျလိုက်နာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး ဦးတည်ဆောင်ရွက်ရန်၊ ဝန်ထမ်းများအနေဖြင့် မိမိ၏လုပ်ငန်းများအပေါ် တာဝန်သိစိတ်၊ တာဝန်ရှိစိတ်ဖြင့် စေတနာထား၍ ဆောင်ရွက်သွားရန်မှာကြားပြီး သိုလှောင်ရုံရှိ ကယ်ဆယ်ရေးပစ္စည်းများကို လှည့်လည်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းမှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့ စက်တော်ရာဘိုးဘွားရိပ်သာသို့ သွားရောက်၍ ဘိုးဘွားများစောင့်ရှောက်ထားရှိမှု အခြေအနေကို ကြည့်ရှုပြီးဘိုးဘွားရိပ်သာ ကြီးကြပ်ရေးကော်မတီသို့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်