ရန်ကုန် စက်တင်ဘာ ၁၁
မြန်မာ့လက်ရွေးစင်အသင်းနှင့် နီပေါလက်ရွေးစင် အသင်းတို့၏ဒုတိယခြေစမ်းပွဲကို စက်တင်ဘာ ၁၁ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ကျင်းပရာ(ဝဲပုံ) မြန်မာ့လက်ရွေးစင်အသင်းက တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
ပထမခြေစမ်းပွဲတွင် လိုအပ်ချက်များစွာဖြင့် ဂိုးမရှိသရေကျခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်း သည် ယခုပွဲတွင် ထပ်မံရုန်းကန်ခဲ့ရသော်လည်း နောက်ကျဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာ့လက်ရွေးစင် အသင်းသည် ပွဲပြီးခါနီးတွင် ဝင်းနိုင်ထွန်းသွင်းယူသည့် ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင် အသင်းနည်းပြချုပ် ဖိုက်အွန်ဘိုင်နာသည် ယခုပွဲတွင် ပွဲထွက်လူစာရင်းကို အပြောင်းအလဲတစ်ဦးသာပြုလုပ်ခဲ့ပြီး သန်းပိုင်နေရာတွင် ဆွမ်လမန်ကို အသုံးပြုခဲ့ပြီး ကျော်ဇင်ဖြိုး(ဂိုး)၊ ဟိန်းဖြိုးဝင်း၊ ရဲမင်းသူ၊ ဟိန်းဇေယျာလင်း၊ နန္ဒကျော်၊ ဝေလင်းအောင်၊ လွင်မိုးအောင်၊ ရန်နိုင်ဦး၊ မောင်မောင်လွင်၊ ဆွမ်လမန်၊ အောင်သူတို့ဖြင့် ပွဲထွက်ခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ခြေစမ်းပွဲဖြစ်သော်လည်း အနိုင်ရရေး ဦးတည်ကစားခဲ့ပြီး အမာခံကစားသမား အစုံအလင်ဖြင့် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ဂိုးသွင်းခွင့်များရသော်လည်း ပထမပွဲကဲ့သို့ပင် အဆုံးသတ်ဂိုးသွင်းသေချာရန် ရုန်းကန်နေရဆဲဖြစ်ပြီးအနိုင်ဂိုးကို လူစားဝင်တိုက်စစ်ကစားသမား ဝင်းနိုင်ထွန်း က ၈၆ မိနစ်တွင် သွင်းယူခဲ့သည်။
မြန်မာအသင်းသည် နီပေါအသင်းနှင့်ကစားသည့် ခြေစမ်းပွဲနှစ်ပွဲတွင် ရှုံးပွဲမရှိသော်လည်းခြေစွမ်းပိုင်း၊ ကစားသမားတစ်ဦးချင်း၏ ကြိုးစားအားထုတ်မှုနှင့် စွမ်းဆောင်ရည်၊ အဆုံးသတ် ဂိုးသွင်းမှုအပိုင်းများမှာ လိုအပ်နေဆဲဖြစ်သည်။
မြန်မာအသင်းသည် နီပေါအသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲကစားရာ တစ်ပွဲနိုင်၊ တစ်ပွဲသရေကျခဲ့သည်။
ရဲရင့်လွင်
ဓာတ်ပုံ-MFF