ရန်ကုန် စက်တင်ဘာ ၉
သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် (Warehouse Receipt Financing System – WRFS) အကောင်အထည်ဖော်ဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့ (Task Force)၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ သိုလှောင်ရုံကုန်အပ်လက်မှတ်ကို အခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့ခေါင်းဆောင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ညီနောင်အသင်းများ၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ မြန်မာနိုင်ငံ အာမခံအသင်း၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့ စာရင်းကိုင်များအသင်း၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်း လီမိတက်မှတာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် လုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီးက Task Force အဖွဲ့အနေဖြင့် သိုလှောင်ရုံ ကုန်အပ်လက်မှတ်ကိုအခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် ဆောင်ရွက်မည့် အစီအမံများရေးဆွဲခြင်း၊ မူဝါဒများချမှတ်ခြင်း၊ စံလုပ်ထုံး လုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ခြင်း၊ သီးခြားရန်ပုံငွေတစ်ရပ်ထူထောင်ခြင်း၊ အစပျိုးစမ်းသပ်ကာလ (Pilot Project)အဖြစ် စတင်ဆောင်ရွက်ခြင်းနှင့် သိုလှောင်ရုံတည်ဆောက် ရင်းနှီးမြှုပ်နှံလိုသည့် ပြည်တွင်း/ ပြည်ပလုပ်ငန်းရှင်များကို အားပေးကူညီခြင်း စသည့်လုပ်ငန်းစဉ်များကို ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
ဆန်စပါးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် တောင်သူလယ်သမားများအတွက် ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးသည့် သီးနှံအာမခံစနစ်ကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ခြင်းသည် ဆန်စပါးဈေးနှုန်းတည်ငြိမ်ရေးကိုလည်း အထောက်အကူပြုမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ သိုလှောင်ရုံ ကုန်အပ်လက်မှတ်ကိုအခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ်တစ်ရပ် အောင်မြင်စွာဖော်ဆောင်နိုင်ရန်နှင့် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် သက်ဆိုင်ရာအစိုးရဌာနများ၊ သီးနှံစိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ၊ သိုလှောင်ရုံလုပ်ငန်းရှင်များနှင့် ကုန်သည်လုပ်ငန်းရှင်များအပါအဝင် သက်ဆိုင်သူများအားလုံးက အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းလျက် ဟန်ချက်ညီစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် လုပ်ငန်းအဖွဲ့ဝင်များက သိုလှောင်ရုံ ကုန်အပ်လက်မှတ်ကိုအခြေပြုသည့် ငွေကြေးထောက်ပံ့မှုစနစ် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားကြမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်