ရန်ကုန် စက်တင်ဘာ ၉
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် လှိုင်သာယာမြို့နယ်ရှိ ဆောင်းဦးရွှေနေ အထည်ချုပ်စက်ရုံကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ကုန်အမှာစာရရှိမှုအခြေအနေ၊ ကုန်ထုတ်လုပ်မှု၊ အလုပ်ရှင်၊ အလုပ်သမား၊ လုပ်ငန်းခွင်ဆက်ဆံရေးအခြေအနေ၊ လုပ်ခလစာရရှိမှုအခြေအနေများကို မေးမြန်းပြီး လိုအပ်သည်များမှာကြားကာ လုပ်ငန်းခွင်အရောက် အသိပညာပေးဆွေးနွေးမှု ဆောင်ရွက်ပေးလျက်ရှိသည့် သင်ထောက်ကူပြု မော်တော်ယာဉ်ဖြင့် အသိပညာပေးမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ငွေပင်လယ်စက်မှုဇုန်ရှိ jiu Sheng (Myanmar) (ကျိုစိမ့်မြန်မာ) သိုးမွေးစက်ရုံသို့ရောက်ရှိပြီး အလုပ်သမားရေးရာလုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီတို့နှင့် တွေ့ဆုံ၍ အလုပ်သမားများ၏ အခက်အခဲ၊ လိုအပ်ချက်များ တင်ပြမှုကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်ရှိ အလုပ်သမားဆေးရုံ(ထန်းတပင်)သို့ ရောက်ရှိပြီး ဆေးရုံတက်ရောက်နေသည့် လူနာများကို ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး၍ ထောက်ပံ့ငွေများပေးအပ်ကာ ဆေးကုသဆောင်များနှင့် ဆေးရုံဝင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Sun Apparel Myanmar အထည်ချုပ်စက်ရုံသို့ ရောက်ရှိပြီး စက်ရုံတာဝန်ရှိသူများ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ စက်ရုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ လူမှုဖူလုံရေးအဖွဲ့နှင့် ပူးပေါင်း၍ Free For Service စနစ်ဖြင့် ဆောင်ရွက်ပေးနေသည့် လူမှုဖူလုံရေး-ကဲဝဲလ် အထွေထွေရောဂါကုဆေးခန်း(ရွှေပြည်သာ)သို့ သွားရောက်၍ ဆေးကုသမှုခံယူနေသည့် အာမခံအလုပ်သမားများကို လှည့်လည်ကြည့်ရှု အားပေးစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်ရှိ Hosheng Myanmar Garmment Co., Ltd. (ဟိုစိမ့်မြန်မာ) အထည်ချုပ်စက်ရုံသို့ သွားရောက်၍ စက်ရုံတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး လုပ်ငန်းခွင်အတွင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်