Skip to main content

တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) ၌ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု အတွဲ (၃၀၀) ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပ

နေပြည်တော် စက်တင်ဘာ ၈

တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) ၌ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု အတွဲ (၃၀၀) ပြည့်အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်ဆေးတက္ကသိုလ်၌ ကျင်းပပြုလုပ်သည်။ အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ကိုကိုလွင်၊ အငြိမ်းစားဆေးဝန်ထမ်းညွှန်ကြားရေးမှူးများ၊ တပ်မတော်ဆေးရုံ/ ဆေးတပ်များမှ တပ်မှူးများ၊ အငြိမ်းစားတပ်မှူးများ၊ အငြိမ်းစားပါမောက္ခ ဆရာကြီး/ဆရာမကြီးများ၊ တပ်မတော်ဆေးတက္ကသိုလ်မှ ပါမောက္ခ/ဌာနမှူးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ထိုသို့ ပထမဆုံး ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို ၁၉၉၅ ခုနှစ်တွင် တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) ၌ ပြုလုပ်နိုင်ခဲ့ကြောင်း၊ ဗြိတိန်နိုင်ငံမှ ကျောက်ကပ်ခွဲစိတ်ကုသမှုအဖွဲ့နှင့် ဆေးဝန်ထမ်းတပ်ဖွဲ့မှ ပါမောက္ခဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခဆရာဝန်ကြီးများဦးဆောင်ပြီး လူနာ ၅ တွဲကို ပထမဆုံးအနေဖြင့် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်း၊ ၁၉၉၇ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း စင်္ကာပူနိုင်ငံမှ ပါမောက္ခဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှ ပါမောက္ခဆရာဝန်ကြီးများ ပူးပေါင်း၍ တပ်မတော်ဆေးရုံကြီး (ခုတင် ၁၀၀၀) တွင် လူနာအတွဲစုစုပေါင်း ၁၉ တွဲ ကို ခွဲစိတ်အောင်မြင်ခဲ့ကြောင်း သိရှိရသည်။

ဆေးဝန်ထမ်းတပ်ဖွဲ့အတွင်း ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုများကို တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) ၌သာ ပြုလုပ်ခဲ့ရာမှ ၂၀၁၁ ခုနှစ်မှစတင်၍ တပ်မတော်ဆေးရုံ (ခုတင်-၇၀၀) ၌လည်းကောင်း၊ ၂၀၁၆ ခုနှစ်မှစတင်၍ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) ၌လည်းကောင်း၊ ၂၀၂၂ ခုနှစ်မှစတင်၍ တပ်မတော်ဆေးရုံ (ခုတင်-၇၀၀) ၌လည်းကောင်း အသီးသီးကျောက်ကပ် အစားထိုးခွဲစိတ်ကုသမှုများကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်။

တပ်မတော်ဆေးရုံကြီး (ခုတင်- ၁၀၀၀) မှာဆိုရင် ၁၉၉၅ ခုနှစ်မှ ယနေ့ထိ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုပေါင်း ၃၀၀ တွဲကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ဆေးဝန်ထမ်းတပ်ဖွဲ့အနေဖြင့် ယခုဆိုရင် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုပေါင်း ၄၃၅ တွဲကို အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။