Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး H.E. Dr. Md Monwar Hossain ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် စက်တင်ဘာ ၇

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး H.E. Dr. Md Monwar Hossain ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ၊ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးပြဿနာများဖြစ်သည့် ကပ်ရောဂါကာကွယ်တုံ့ပြန်ရေးလုပ်ငန်းများ၊ လူတိုင်း လက်လှမ်းမီလွှမ်းခြုံနိုင်သော ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ၊ ပဋိဇီဝဆေးယဉ်ပါးမှုပြဿနာ ဖြေရှင်းနိုင်ရေးလုပ်ငန်းများ၊ ရေနစ်သေဆုံးမှုလျှော့ချ ကာကွယ်ရေးလုပ်ငန်းများ အစရှိသည်တို့တွင်နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရာတွင် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားသည့်ကိစ္စရပ်များ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှထုတ်လုပ်သည့် ဆေးနှင့်ဆေးပစ္စည်းများ မြန်မာနိုင်ငံတွင် မှတ်ပုံတင်နိုင်ရေးနှင့် ဖြန့်ဖြူးအသုံးပြုနိုင်ရေးကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးဦးစီး ဌာန)၊ ညွှန်ကြားရေးမှူးချုပ်(ကုသရေးဦးစီးဌာန)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်