Skip to main content

၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

နေပြည်တော် စက်တင်ဘာ ၇

၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့ (International Day of Clean Air for Blue Skies) အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၌ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး က ယခုနှစ် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ “Together for Clean Air-လေထုသန့်ရှင်းဖို့ လက်တွဲပူးပေါင်းဆောင်ရွက်စို့” ဖြစ်ပြီး လေထုညစ်ညမ်းမှုနှင့် ပတ်သက်၍ အမျိုးသားအဆင့်၊ နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရန်၊ လေထုအရည်အသွေး ဆိုင်ရာအစီအမံများနှင့် ဖြေရှင်းမှုများ တိုးမြှင့်ဆောင်ရွက်ရန်နှင့် လေထုညစ်ညမ်းမှုကို ကျော်လွှား နိုင်ရန်အတွက် အခန်းကဏ္ဍအလိုက် တာဝန်ခွဲဝေဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်း ဖြစ်ကြောင်း။

လူသားတို့၏ ကျန်းမာရေးနှင့်နေ့စဉ်နေထိုင်မှုဘဝအတွက် သန့်ရှင်းသောလေ ရရှိရေးသည် အရေးကြီးကြောင်း၊ လေထုညစ်ညမ်းမှုသည် တစ်ကမ္ဘာလုံးတွင်ရှိသည့် လူသားများ၏ ကျန်းမာရေးအတွက် အန္တရာယ်ရှိသော ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ လေထုညစ်ညမ်းမှုကြောင့် တစ်နှစ်လျှင် လူဦးရေ ၆ ဒသမ ၇ သန်းခန့် သေဆုံးနေပြီး လူဦးရေ ၂၄ သန်း ခန့်သည် အိမ်တွင်းလေထု ညစ်ညမ်းမှုအန္တရာယ်နှင့် ကြုံတွေ့နေကြရကြောင်း။

လေထုညစ်ညမ်းမှုသည် နယ်နိ မိတ်ဖြတ်ကျော်သည့် သဘာဝရှိသည့်အတွက် အိမ်နီးချင်းနိုင်ငံများ အကြားတွင် ဖြစ်ပေါ်လေ့ရှိသည့် နယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှုပြဿနာကို ကိုင်တွယ် ဖြေရှင်းရန်အတွက် ဒေသအဆင့်၊ အမျိုးသားအဆင့်နှင့် နိုင်ငံတကာအဆင့် ပူးပေါင်းဆောင်ရွက်မှု များကို တိုးမြှင့်ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ပြဿနာများကို လျှော့ချနိုင်ရေးအတွက် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှု ထိန်းချုပ်မှုဆိုင်ရာ အာဆီယံသဘောတူညီချက်တွင် ပါဝင်လက်မှတ်ရေးထိုးပြီး နိုင်ငံတကာနှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိကြောင်း။

လေထုညစ်ညမ်းမှုနှင့် အတူရာသီဥတုပြောင်းလဲမှုကိုပါ ဖြစ်ပေါ်စေသော မှန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချရေး၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်များ အသုံးပြုရေး၊ အစိမ်းရောင် စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်မျိုးဆက်သစ်များကို သန့်ရှင်းသော လေထု၊ စိမ်းလန်းသော ပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်များအား လက်ဆင့်ကမ်းအမွေ ပေးသွားနိုင်ရေးအတွက် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့ (International Day of Clean Air for Blue Skies) အထိမ်းအမှတ် ဗီဒီယိုကိုပြသပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသူများက အထိမ်းအမှတ် ပိုစတာများ ပြသထားမှုကို လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြ ကြောင်း သိရသည်။

သတင်းစဉ်