Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် ပဲခူးမြို့ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း(ပဲခူး)နှင့် အထည်ချုပ်စက်ရုံကို ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၇

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်နောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်း ကျောင်း(ပဲခူး)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ သင်တန်းကျောင်းတာဝန်ခံက သင်တန်း ကျောင်းတည်ဆောက်ပြီးစီးမှုနှင့် သင်ကြားလေ့ကျင့် မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကထားဆောင်ရွက်လျက်ရှိသည့် အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းကဏ္ဍအလိုက် လိုအပ်လျက်ရှိသော ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးခြင်းဖြင့် ပြည်သူလူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိလာမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကျွမ်းကျင်လုပ်သားများကို အသုံးပြု၍ကုန်ထုတ်လုပ်မှုဆောင်ရွက်ခြင်းဖြင့် အရည်အသွေးပြည့်ဝသော ထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်မည်ဖြစ်သဖြင့် လုပ်ငန်းခွင်အတွက်လိုအပ်လျက်ရှိသော သင်တန်းအမျိုးအစားများကို ဦးစားပေးရွေးချယ်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ရန်နှင့် ပြည်ပသို့စေလွှတ်နိုင်သည့် အရည်အသွေးပြည့်ဝသော ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရေးဆောင်ရွက်ရန်မှာကြားသည်။

ထို့နောက် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ပဲခူး)၌ ပဲခူးတိုင်းဒေသကြီးရှိ အလုပ်သမားဝန်ကြီးဌာနမှဝန်ထမ်းများကိုတွေ့ဆုံ၍ လုပ်ငန်းလိုအပ်ချက်များမှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့နယ်ရှိ CMP စနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်နေသော K Fine International (Myanmar) Co., Ltd. အထည်ချုပ်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီးစက်ရုံအတွင်း အလုပ်သမားများအေးချမ်းစွာလုပ်ကိုင်မှုအခြေအနေများကို ကြည့်ရှုအားပေးသည်။

မွန်းလွဲပိုင်းတွင်ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းသို့သွားရောက်၍ ပြည်ပအလုပ် အကိုင်လမ်းညွှန်သင်တန်းဖွင့်လှစ်ပို့ချမှုနှင့် OWIC ထုတ်ပေးနေမှုကို ကြည့်ရှုစစ်ဆေးသည်။

ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရ အေဂျင်စီအစီအစဉ်ဖြင့် ပြည်ပနိုင်ငံများသို့သွား ရောက်လုပ်ကိုင်မည့် အလုပ်သမားများနှင့် မိမိအစီအစဉ်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအတွက် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ရွှေ့ပြောင်းအလုပ်သမား ဌာနစု(မြောက်ဒဂုံ) ပင်လုံခန်းမ(၄၃)ရပ်ကွက် ဗိုလ်မင်းရောင်လမ်းနှင့် မင်းရဲကျော်စွာလမ်းထောင့် မြောက်ဒဂုံမြို့နယ် ရန်ကုန်တွင်လည်းကောင်း၊ ပြည်ပနိုင်ငံများမှ ခွင့်ပြန်အလုပ်သမားများအတွက် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (တိုင်းဒေသကြီးရုံး) ရန်ကုန်တိုင်းဒေသကြီးတွင်လည်းကောင်း ပြည်ပအလုပ်အကိုင်အလုပ်သမား သက်သေခံကတ် (OWIC) များကို စိစစ်ခွင့်ပြုထုတ်ပေးလျက်ရှိသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၉/၁၀)အောင်ဆန်းသူရိယလှသောင်းလမ်း ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ Labour Asia Services Co.,Ltd. မှ ဖွင့်လှစ်ထားသော ပြည်တွင်းပြည်ပအလုပ်အကိုင် ရှာဖွေရေးဝန်ဆောင်မှုနှင့် လုပ်သားကျွမ်းကျင်မှုဆိုင်ရာ သင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျွမ်းကျင်လုပ်သားများ ပိုမိုမွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားရန်မှာကြားသည်။

၁၉၉၀ ပြည့်နှစ်မှယခုနှစ် ဩဂုတ် ၃၁ ရက်အထိ အေဂျင်စီအစီအစဉ်ဖြင့်လည်းကောင်း၊ မိမိအစီအစဉ် ဖြင့်လည်းကောင်း၊ ခွင့်ပြန်/PR ဖြင့်လည်းကောင်း ထိုင်းနိုင်ငံသို့ ၁၀၉၀၆၂၉ ဦး၊ စင်ကာပူနိုင်ငံသို့ ၄၉၈၁၉ ဦး၊ ကိုရီးယားနိုင်ငံသို့ ၆၃၀၃၆ ဦး၊ ဂျပန်နိုင်ငံ သို့ ၅၅၂၅၄ ဦး၊ မလေးရှားနိုင်ငံသို့ ၃၈၀၄၄၈ ဦးအပါ အဝင် ပြည်ပနိုင်ငံ ၈၉ နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမား ၁၆၅၀၆၇၉ ဦးကို OWIC ကတ် ပြုလုပ်ခွင့်ပြု၍ စေလွှတ်ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်