နေပြည်တော် စက်တင်ဘာ ၇
နိုင်ငံတော်အစိုးရအနေဖြင့် မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းစေရေး၊ ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့ကို အထူးအလေးထားကာ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် တိုင်းပြည်သာယာဝပြောရေး၊ စားရေရိက္ခာဖူလုံရေးအတွက် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ဦးတည်ချက် (၉)ရပ်ချမှတ်ပြီး နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် စိုက်ပျိုးမွေးမြူရေးအခြေခံသည့် ကုန်ထုတ်စွမ်းအား မြင့်မားရေးနှင့်အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးကို အထူးအလေးပေးဆောင်ရွက်လျက်ရှိကြောင်း ယနေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့်အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဦးလှမိုးက ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ကျေးလက်ဦးစီးဌာနဝန်ထမ်းများမှာ ကျေးရွာအနှံ့ရောက်ရှိပြီး ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများဖြစ်၍ မိမိဌာန၏ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် သမဝါယမပုံစံစုဖွဲ့၍ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက် ရန် ကျေးလက်ပြည်သူများအား စည်းရုံးဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း၊ ယခုဘဏ္ဍာနှစ် အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါတွင် သတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေး ပြည့်မီစေရေးနှင့် သတ်မှတ်ကာလထက် စောပြီးစေရေး သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များရှိ တာဝန်ရှိသူက ကြီးကြပ်ဆောင်ရွက်ကြရန်မှာကြားလိုကြောင်း။
အသက်မွေးဝမ်းကျောင်း သင်တန်းများကို အမှန်တကယ် လုပ်ငန်းဆောင်ရွက်လိုသူများကိုသာ စုစည်းသင်ကြားပေးပြီး သင်တန်းပြီးဆုံး၍ ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နိုင်ရန် လိုအပ်သည့်စက်ပစ္စည်း၊ လုပ်ငန်းသုံးကိရိယာများကို ထောက်ပံ့ပေးနိုင်ရေး မြစိမ်းရောင်စီမံကိန်းချေးငွေ၊ RBF ချေးငွေများဖြင့် ချိတ်ဆက်ပေးရန် အလေးထား မှာကြား လိုကြောင်း။
ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိကြရန်၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး စိတ်စေတနာအပြည့်ဖြင့် ဆောင်ရွက်ကြရန်၊ သက်ဆိုင်ရာဦးစီးဌာနများ၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ကြရန်၊ လုံခြုံရေးသတိ အမြဲရှိကြရန်မှာကြားလိုကြောင်း၊ ကျေးလက်ဒေသများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးလက်ဒေသဖွံ့ဖြိုး ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီး/ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများက မိမိတို့တိုင်းဒေသကြီး/ပြည်နယ်များအလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးမြင့်စိုးက သမဝါယမဖွံ့ဖြိုးရေးလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် စဉ်ဆက်မပြတ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် လိုအပ်ချက်များကို သုံးသပ်ဆွေးနွေးတင်ပြသည်။
ဆက်လက်ပြီး အမြဲတမ်းအတွင်းဝန်ဦးခန့်ဇော်က တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ၏ တင်ပြချက်များအပေါ် သုံးသပ်ဆွေးနွေးတင်ပြပြီး ညွှန်ကြားရေးမှူးချုပ်များက ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက်သက်ဆိုင်ရာ ကဏ္ဍများအလိုက် ဦးစီးဌာနအချင်းချင်း ပေါင်းစပ်ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့်တာဝန်ရှိသူများက ရခိုင်ပြည်နယ်အတွင်း မိုခါမုန် တိုင်း ကျရောက်မှုကြောင့် သောက်သုံးရေအခက်အခဲများ ဖြစ်ပေါ်ခဲ့သည့် ဒေသများအတွက် သောက်သုံးရေများရရှိရေး ရွေ့လျားရေသန့်စင်ကားများဖြင့် သောက်သုံးရေသွားရောက်ဖြန့်ဝေပေးခဲ့ကြသည့် တိုင်းဒေသကြီး/ပြည်နယ်များမှ ဝန်ထမ်းများအား ဂုဏ်ပြုဆုလက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်