Skip to main content

ကင်မရာပါတဲ့ ဖုန်းတစ်လုံးကို ငွေကျပ် ၁၀၀၀ သတ်မှတ်ကောက်ခံတာဟာ မများတဲ့အလှူငွေလေးပါ။ ဘုရားကြီး ဘက်စုံပြုပြင်မွမ်းမံဖို့အတွက် ကုသိုလ်ပြုလှူဒါန်းရတာနဲ့ အတူတူပါပဲ (မလှိုင်)

နေပြည်တော် စက်တင်ဘာ ၅

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း တည်ထားသော ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ် ၈ ရက်မှစတင်၍ ရဟန်း၊ ရှင်လူအများပြည်သူတို့ အခမဲ့လာရောက်ဖူးမြော်နိုင်ရန် ဖွင့်လှစ်ထားရှိခဲ့သည်။ စက်တင်ဘာ ၄ ရက်တွင် ဘုရားဖူးပြည်သူများ အခမဲ့ဖူးမြော်နိုင်ပြီး ကင်မရာပါရှိသည့် လက်ကိုင်ဖုန်းများကို ဘုရားကြီးဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူတော်ငွေကျပ် ၁၀၀၀ ဖြင့်ကောက်ခံ၍ ဝင်ခွင့်ပြုခဲ့ရာ လာရောက်ဖူးမြော်ကြည်ညိုကြသူများလည်း စည်ကားလျက်ရှိသည်ကို မြင်တွေ့ရသည်။

ယနေ့အနယ်နယ်အရပ်ရပ်မှ ဘုရားကြီးသို့ လာရောက်ဖူးမြော်သူများ၏ ပီတိစကားများ၊ အနုမောဒနာသာဓုခေါ်သံများနှင့် သဘောထားအမြင်များကို စုစည်းဖော်ပြလိုက်ပါသည်။

ဦးဇဝန (ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်)

မာရဝိဇယဘုရားကြီးကို ကြည်ညိုလွန်းလို့၊ ဖူးမြော်ချင်လွန်းလို့ အဝေးကြီးကနေ လာရောက်ခဲ့ရတာဖြစ်ပါတယ်။ ဘုရားကြီးက အလွန်ပဲသပ္ပာယ်သလို အင်မတန်မှလည်း ကြည်ညိုဖွယ်ကောင်းပါတယ်။ ဘုရားကြီးတည်ထားဖို့ ဦးဆောင်ခဲ့တဲ့ ဘုရားဒကာကလည်း အချိန်တိုအတွင်းမှာ စွမ်းစွမ်းတမံနဲ့ ကြိုးစားခဲ့တာတွေကိုလည်း မျက်ဝါးထင်ထင်တွေ့မြင်နေရပါတယ်။ ၂၄ ပစ္စည်းကို ဂန္ဓကုဋီတိုက် ၂၄ တိုက်နဲ့ တစ်ခုချင်း သေသေချာချာအနုစိတ်ပြီး အကြောင်းအကျိုးဆက်စပ်ပြထားတာတွေ၊ ဇာတ်တော်တွေတစ်ခုနဲ့တစ်ခု ချိတ်ဆက်ပြထားတာတွေကို တစ်နေရာမှ မတွေ့ဖူးသေးတဲ့ စကျင်ကျောက်တွေနဲ့ တည်ဆောက်ထားတာအပြင် မြန်မာမှုလက်ရာတွေ၊ အင်ဂျင်နီယာ စွမ်းပကားတွေကလည်းပဲ အံ့ဩမှင်တက်စေပါတယ်။

ဦးဘိုတောက် (လယ်ဝေးမြို့နယ်၊ အေးချမ်းသာကျေးရွာ)

ဘုရားကြီးပရိဝုဏ်ထဲ ဝင်ဝင်ချင်း မာရဝိဇယဘုရားကြီးရဲ့ ရင်ပြင်တော်ပေါ်ကို အရင်တက်ရောက်ပြီး ဘုရားကြီးကိုဖူးမြော်ပါတယ်။ အချိန်ပေးပြီးတော့ ဖူးမြော်ဖြစ်ပါတယ်။ ဘုရားကြီးဖူးလို့ အားရကျေနပ်မှ ဂန္ဓကုဋီတိုက်တွေကို လေ့လာပါတယ်။ ဂန္ဓကုဋီတိုက်အတွင်းဝင်လိုက်တဲ့အခါ အေးအေးချမ်းချမ်းနဲ့ စကျင်ကျောက်တွေရဲ့ ဂုဏ်သတ္တိကို ပိုမိုသိရှိလာပါတယ်။ ဇာတ်နိပါတ်တော်တွေ လေ့လာတဲ့အခါ ဗဟုသုတတွေအများကြီး ရရှိခဲ့ပါတယ်။

မလှိုင် (ပျော်ဘွယ်မြို့နယ်)

ကျွန်မတို့အားလုံးပေါင်း ၂၃ ယောက်နဲ့ မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်ကြတာပါ။ ဘုရားကြီးက အခမဲ့ဝင်ခွင့်ပြုပါတယ်။ ကင်မရာပါတဲ့ ဖုန်းတစ်လုံးကို ငွေကျပ် ၁၀၀၀ သတ်မှတ်ထားပါတယ်။ ငွေကျပ် ၁၀၀၀ ဆိုတာ မများတဲ့အလှူငွေပါ။ ဘုရားကြီးရဲ့ ဘက်စုံပြုပြင်မွမ်းမံဖို့အတွက် ကုသိုလ်ပြုလှူဒါန်းရတာနဲ့အတူတူပါပဲ။ ဘုရားကြီးကို ကြည်ညိုလွန်းလို့၊ ဖူးမြော်ချင်လွန်းလို့ အဝေးကြီးကနေ ငွေကြေးအကုန်အကျခံပြီး လာခဲ့ရတာသေးတာ ဒီအလှူ ငွေကျပ် ၁၀၀၀ ဆိုတာ မများတဲ့အလှူငွေလေးပါ။ ဘုရားကြီးကို လာရောက်ဖူးမြော်ကြတဲ့ ပြည်သူတွေအနေနဲ့ မတော်တဆအမှိုက် ကျန်ခဲ့တာတွေကို အမြဲသန့်ရှင်းအောင် သန့်ရှင်းရေးဝန်ထမ်းတွေအနေနဲ့ အမှိုက်တွေကို စနစ်တကျနဲ့ အမြဲသန့်ရှင်းနေအောင် မနားတမ်းဆောင်ရွက်နေကြတာလည်း တွေ့ရပါတယ်။ ဒါတွေကို လုပ်ခလစာထောက်ပံ့နိုင်ဖို့ ဒီလိုအလှူငွေလေးတွေက အကျိုးပြုနိုင်မယ်လို့ ထင်မြင်မိပါတယ်။ ဒီအတွက်ကြောင့်လည်း ကင်မရာပါတဲ့ဖုန်းတစ်လုံးကို အလှူငွေကျပ် ၁၀၀၀ ဆိုတာဖြစ်သင့်ပါတယ်။ ဘုရားကြီးကို နောက်ထပ်တစ်ကြိမ်မက လာရောက်ဖူးမြော်ပါဦးမယ်။ စိတ်နှလုံးအေးချမ်းမှုတွေ ရရှိခံစားရပါတယ်။ ကျွန်မလိုပဲ ထပ်တူခံစားစေချင်တဲ့အတွက် ဘုရားကြီးကို လာရောက်ဖူးမြော်ကြည်ညိုကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

ဟိန်းထက်ဇော် (မြန်မာ့အလင်း)

ဓာတ်ပုံ- အိမ့်ဘီလီယံမောင်