နေပြည်တော် စက်တင်ဘာ ၅
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူအပေါင်း အခမဲ့လာရောက်ဖူးမြော်နိုင်ရန် ဩဂုတ် ၈ ရက်မှစတင်၍ နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း ဖွင့်လှစ်ထားရှိရာ ယနေ့ စက်တင်ဘာ၅ ရက်တွင်လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ရဟန်း၊ ရှင်လူပြည်သူများဖြင့် ဗုဒ္ဓဥယျာဉ်ပရိဝုဏ်အတွင်း စည်ကားလျက်ရှိသည်။
ယနေ့တွင် ရာသီဥတုသာယာသည့်အားလျော်စွာ အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးခရီးသည်များသည် နံနက် ၆ နာရီ စတင်ဖူးမြော်ခွင့် ရသည့်အချိန်မှစတင်၍ တဖွဲဖွဲရောက်ရှိလာခဲ့ကြသည်။ နံနက်ပိုင်းမှစတင်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များက ယာဉ်ကြောရှင်းလင်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ဘုရားဖူးခရီးသွားများ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်အတွင်း သွားလာမှုလွယ်ကူစေရန်အတွက် စီစဉ်ပေးထားသည့် ဘက်ဂီမော်တော်ယာဉ်ငယ်များမှာလည်း အသက်အရွယ်ကြီးရင့်သူများနှင့် ကျန်းမာရေးမကောင်းသူများကို အခမဲ့ပို့ဆောင်ပေးလျက်ရှိသကဲ့သို့ ခြေကျင်ဝင်ရောက်သည့် ဘုရားဖူးခရီးသည်များဖြင့် စည်ကားလျက်ရှိသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဗုဒ္ဓဘာသာဝင်အပေါင်းတို့က စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော်ကြည်ညိုခြင်း၊ တရားဘာဝနာပွားများခြင်းနှင့် ဘာသာရေးအသင်းအဖွဲ့များက မိမိတို့အစီအစဉ်များဖြင့် စုပေါင်းရွတ်ဖတ်ပူဇော်နေကြခြင်းတို့ကိုလည်း တွေ့ရှိရသည်။
မန္တလေးမြို့ရှိ အတုမရှိကျောင်းတော်ကြီး၏ ပုံစံတူပဋ္ဌာန်းဒေသနာတော်မြတ်အား ရည်စူး၍ အနုပညာလက်ရာကွဲပြားသည့် ဂန္ဓကုဋိတိုက် ၂၄ ဆောင်တို့တွင်လည်း ဘုရားဖူးခရီးသည်များက ဘုရားဖူးမြော်လျက်ရှိသည်။ မာရဝိဇယဘုရားကြီးရင်ပြင်တော်ပေါ်ရှိ သဒ္ဓါဓိပတိခေါင်းလောင်းတော်ကြီးအား တီးခတ်၍ ကုသိုလ်အဖို့ဘာဂအမျှဝေကြသူများ၊ ဘုရားရင်ပြင်တော် အောင်မြေပေါ်တွင် အဓိဋ္ဌာန်ဆုတောင်း ဖူးမြော်ကြသူများအပြင် ရင်ပြင်တော်ပေါ်နှင့် ဗောဓိညောင်ပင်၊ လင်းလွန်းပင်နှင့် လုမ္ဗိနီအင်ကြင်းပင်ပျိုများအနီး အစုအဖွဲ့အလိုက်၊ မိသားစုလိုက်အမှတ်တရဓာတ်ပုံ ရိုက်ကူးကြသူများဖြင့်လည်း စည်ကားလျက်ရှိသည်ကို တွေ့ရသည်။
ထို့ပြင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီနှင့် တပ်မတော်သား အင်ဂျင်နီယာများ၊ ကျွမ်းကျင်ဗိသုကာပညာရှင်များ၏ လက်ရာတို့ဖြင့် တည်ဆောက်ထားသည့် ပိဋကတ်သုံးပုံကို ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ရေးထိုးထားသည့် ကျောက်စာများနှင့် ကျောက်စာရုံစေတီအဆူ ၇၂၀ တို့ကို ဘုရားဖူးများ စိတ်ပါဝင်စားစွာဖြင့် ဖူးမြော်ကြည်ညိုကြသည်ကိုလည်း မြင်တွေ့ရသည်။ ဆရာတော်၊ သံဃာတော်မထေရ်မြတ်တို့၏ ဩဝါဒဖြင့် တည်ထားကိုးကွယ်သည့် မုစလိန္ဒကန်နှင့် နဂါးရုံဘုရားတို့တွင်လည်း ရဟန်းရှင်လူပြည်သူများက ဘုရားဖူးရင်း အပန်းလည်းပြေစေနိုင်မည်ဖြစ်ပါသည်။
ထို့အတူ မာရဝိဇယရုပ်ပွားတော်မြတ်ကြီး၏ အခြံအရံကုသိုလ်တော်တစ်ခုဖြစ်သည့် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးကိုလည်း အများပြည်သူတို့ လေ့လာကြည်ညိုနိုင်ရန် စီစဉ်ပေးထားသည်။ ဘုရားဖူးလာရောက်ကြသူများသည် ၂၅၅ ဧက ကျယ်ဝန်းသည့် ဗုဒ္ဓဥယျာဉ်တော်ကြီးအတွင်းရှိ ရေပန်းရင်ပြင်များတွင်လည်းကောင်း၊ ကျွမ်းကျင်ပညာရှင်များက အဆင့်အတန်းမြင့်မားစွာ တည်ဆောက်ထားသည့် သုဓမ္မာဇရပ်ခြောက်ဆောင်တို့တွင်လည်းကောင်း စည်ကားများပြားစွာ ဘုရားဖူးအပန်းဖြေလျက်ရှိသည့်အပြင် အလှူခံဌာနရှိရာမဏ္ဍပ်တွင်လည်း အလှူရှင်များက ကြည်ညိုသဒ္ဓါထက်သန်စွာဖြင့် လှူဒါန်းခဲ့ကြသည်ကို တွေ့ရသည်။
အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသူများကို အခမဲ့ဖူးမြော်ခွင့်ပေးထားပြီး ယနေ့မှစ၍ ဗုဒ္ဓဥယျာဉ်တော်အတွင်း ဝင်ရောက်ချိန်တွင် ကင်မရာပါသည့် ဖုန်း၊ အခြားဗီဒီယိုမှတ်တမ်းများ ရိုက်ကူးခြင်းနှင့် အပျော်တမ်းကင်မရာ ရိုက်ကူးခြင်းများကို ထိုက်သင့်သည့်နှုန်းထားဖြင့် အခကြေးငွေကောက်ခံကာ ယူဆောင်ခွင့်ပြုထားရှိကြောင်း၊ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ယာဉ်ရပ်နားရန်နေရာတွင် ဝင်ရောက်ရပ်နားမည့် ကိုယ်ပိုင်ယာဉ်ငယ်များ၏ ယာဉ်ရပ်နားခကိုလည်း ထိုက်သင့်သည့် ရပ်နားခနှုန်းထားများဖြင့် ဝင်ရောက်ခွင့်ပြုထားကြောင်းနှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အား နေ့စဉ်နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
ဟိန်းထက်ဇော်(မြန်မာ့အလင်း)
ဓာတ်ပုံ - အိမ့်ဘီလီယံမောင်