ရန်ကုန် စက်တင်ဘာ ၅
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း၏ ရန်ကုန်-မန္တလေး-နိုဗိုဆီ ဘရစ်ခရီးစဉ်စတင်ပျံသန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပသည်။
အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ရန်ကုန်မြို့အခြေစိုက် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Pavel Klapukov ၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ အစိုးရဌာနဆိုင်ရာအဖွဲ့အစည်းများမှ အရာထမ်းများ/အမှုထမ်းများ၊ အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းနှင့် လေကြောင်းလိုင်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ Yangon Aerodrome Company Limited မှ CEO နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ဒုတိယဝန်ကြီးက မြန်မာနှင့်ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့သည် နှစ်နိုင်ငံအကြား အပြန်အလှန်လေကြောင်းကွန်ရက်ချိတ်ဆက်မှုကို ဆောက်ရွက်နိုင်ရန်အတွက် လေကြောင်းပို့ဆောင်ရေးသဘောတူညီချက်တစ်ရပ်ကို ၁၉၇၀ ပြည့်နှစ်က လက်မှတ်ရေးထိုးခဲ့ကြပြီး လေကြောင်းပို့ဆောင်ရေး သဘောတူညီချက်အရ ရုရှားဖက်ဒရေးရှင်း နိုင်ငံမှ Aeroflot လေကြောင်းလိုင်းက ရန်ကုန် - မော်စကိုအသွားအပြန် တိုက်ရိုက်လေကြောင်း ခရီးစဉ်များကို ၁၉၇၉ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ ပျံသန်းခဲ့ပါကြောင်း၊ ယခုအခါအပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းက ရန်ကုန် - မန္တလေး - နိုဗိုဆီဘရစ် တိုက်ရိုက်ခရီးစဉ် ဖွင့်လှစ်ပျံသန်းခြင်းဖြင့် နှစ်နိုင်ငံအကြား လေကြောင်းကွန်ရက်ချိတ်ဆက်မှုကို ပြန်လည်သက်ဝင်စေတော့မည်ဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းက စတင်ပျံသန်းသည့် လေကြောင်းခရီးစဉ်သစ်သည် မြန်မာနှင့်ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား အနီးကပ်ပူးပေါင်းဆောင်ရွက်မှုမှာ ပဓာနကျသည့် ရှေ့ခြေလှမ်းသစ်တစ်ရပ်ဖြစ်ကြောင်း၊ မြန်မာ-ရုရှားလေကြောင်း ကွန်ရက်ချိတ်ဆက်မှုမှတစ်ဆင့် နှစ်နိုင်ငံအကြား အဓိကကျသော ခရီးသွားလုပ်ငန်း၊ ကုန်သွယ်မှုနှင့်ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးမြင့်မားလာနိုင်ပြီး ကဏ္ဍအားလုံးတွင် ရင်းနှီးစွာပူးပေါင်းဆောင်ရွက်မှုများ ရှိလာနိုင်မည်ဖြစ်၍ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက်အကူပြုမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း၏ ရန်ကုန် - မန္တလေး - နိုဗိုဆီဘရစ် ခရီးစဉ်ပြေးဆွဲခြင်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များ မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသများကို လွယ်ကူစွာသိရှိနိုင်ရန်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း၌ ဖွင့်လှစ်ထားသော ဟိုတယ်နှင့်ခရီးသွားလာရေး သတင်းပြန်ကြားရေးကောင်တာသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းအနေဖြင့် ရန်ကုန်၊ မန္တလေးမြို့များနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှိ နိုဗိုဆီဘရစ်မြို့အကြား တိုက်ရိုက်ခရီးစဉ်ကို တစ်ပတ်လျှင်နှစ်ကြိမ် (အင်္ဂါနေ့နှင့် စနေ နေ့) တို့တွင် ပုံမှန်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်