Skip to main content

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၅

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းနိုင်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေးခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် ပြင်ရွာကျေးရွာမှ လပွတ်ကုလားကျေးရွာသို့ ဆက်သွယ်သည့် ကျေးရွာချင်းဆက်ကွန်ကရစ်လမ်း ၁ မိုင် ဖောက်လုပ်ပြီးစီးမှုနှင့် အဆိုပါလမ်းပိုင်းတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေဖြင့် ကွန်ကရစ်လမ်း ၁ မိုင် ၀ ဒသမ ၄ ဖာလုံ ဆက်လက်ဖောက်လုပ်မည့်လုပ်ငန်းခွင်သို့ ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ယခုဖောက်လုပ်ပေးခဲ့သော လမ်းပိုင်းသည် ဒေသခံလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်‌ရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်သဖြင့် လမ်းရေရှည်တည်တံ့ကောင်းမွန်စေရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြရန် မှာကြား၍ လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် သမိုင်းဝင်ကျိုက်မောင်းစေတီတော်အား ဖူးမြော်၍ သံဃာတော်များကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုသိမ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ထို့နောက် ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် အမျိုးသမီးအိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်တန်းကျောင်းတို့မှ တိုင်းဦးစီးမှူးနှင့် နည်းပြများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံကာလုပ်ငန်း လိုအပ်ချက်များမှာကြား၍ ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ကာ သင်တန်းသူများ ချုပ်လုပ်ထားသည့်လက်ရာများ၊ စာကြည့်တိုက်၊ လက်တွေ့သင်ကြားနေမှု၊ အိပ်ဆောင်၊ စားရိပ်သာ၊ စတိုဆောင်၊ မော်တာဆောင်နှင့် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် လပွတ္တာမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်းသို့ ရောက်ရှိပြီး သင်တန်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် သင်တန်းသားများ၏ အလုပ်အကိုင်ရရှိမှု၊ တစ်နေ့တာလှုပ်ရှား ဆောင်ရွက်မှုမှတ်တမ်း ဓာတ်ပုံများ၊ လက်ကိုင်ဖုန်းပြင်သင်တန်း၊ လျှပ်စစ်သင်တန်း၊ ဂဟေသင်တန်း၊ မော်တော်ယာဉ်စက်ပြင်သင်တန်း၊ ဆောက်လုပ်ရေးသင်တန်းများတွင် လက်တွေ့သင်ကြားနေမှုကို လှည့်လည်ကြည့်ရှုပြီး ခေတ်မီသင်ထောက်ကူပစ္စည်းများ ဖြည့်တင်းသင်ကြားပေးသွားရန်နှင့် သင်တန်းပြီးဆုံးချိန်တွင် အလုပ်အကိုင်ရရှိရေး တစ်ဆက်တည်း ဖန်တီးဖော်ဆောင်ပေးနိုင်ရေးမှာကြား၍ သင်တန်းသားများ လက်တွေ့ဆောင်ရွက်ထားသည့် ထုတ်ကုန်ပစ္စည်းများကိုလည်းကောင်း၊ သင်တန်းကျောင်းဝင်းအတွင်း သင်တန်းသား စားသောက်နေထိုင်မှုအခြေအနေ၊ စာကြည့်တိုက်၊ မိုးရေစုကန်အတွင်း မိုးရေသိုလှောင်ထားရှိမှု၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် လပွတ္တာမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း သင်တန်းကျောင်းခန်းမ၌ ကျောင်းအုပ်များက သင်တန်းကျောင်းဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ သင်တန်းကျောင်း နှစ်ကျောင်းမှ ဝန်ထမ်းများ၊ သင်တန်းသား သင်တန်းသူများနှင့်တွေ့ဆုံ၍ ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်သည်။

ယင်းနောက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (လပွတ္တာ)၌ သင်တန်းသူများ ချုပ်လုပ်ထားရှိသည့် လက်ရာများ၊ စာကြည့်တိုက်၊ သင်တန်းသူများ လက်တွေ့သင်ကြားနေမှု၊ အိပ်ဆောင်၊ စားရိပ်သာ၊ စတိုဆောင်၊ မော်တာဆောင်နှင့် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး သင်တန်းဆင်းပြီးချိန်၌ သင်တန်းသူများ အလုပ်အကိုင်ရရှိ‌ရေးအတွက် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်