မောင်မျိုးသူဟန် (တောင်ကြီးမြို့)
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားသော ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ် ၈ ရက်မှစ၍ အခမဲ့ဖူးမြော်ခွင့်ပြုခဲ့ရာ ယနေ့အထိ အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ထိုသို့ ဘုရားဖူးရောက်ရှိလာ သော မြန်မာနိုင်ငံတစ်ဝန်းမှ မိဘ ပြည်သူများနှင့်တွေ့ဆုံပြီး ယင်းတို့၏ ရင်တွင်းခံစားရသော စကားသံများ၊ သာဓုအနုမောဒနာ ခေါ်ဆို သံများ၊ အနာဂတ်ဗုဒ္ဓသာသနာအတွက် မြော်တွေး၍တက်ကြွသော စကားသံများကို နိဗ္ဗာန်အကျိုးမြော်ကာ နှိုးဆော်၍ ပြန်လည်ရေးသား မျှဝေလိုက်ရပါသည်။
ဒေါ်သီတာခိုင် (ဇမ္ဗူသီရိမြို့နယ်)
ကျွန်မက ဇမ္ဗူသီရိမြို့နယ်အ.ထ.က(၅)က ဆရာမပါ။ ဒီဘုရားကြီးကို လာရောက်ဖူးမြော်ရတဲ့ ရည်ရွယ်ချက် ကတော့ကျောင်းသားတွေအနေနဲ့ သွားရောက်လေ့လာ ဖူးမြော်ချင်တယ်။ ဒါကြောင့် ကျောင်းအုပ် ဆရာကြီးရဲ့ ခွင့်ပြုချက်နဲ့ ကျွန်မတို့ဆရာမတွေက လိုက်ပါပို့ဆောင်ပြီး ပါရမီဖြည့်ပေးရခြင်း ဖြစ်ပါတယ်။ ဒီလိုလာရောက် ဖူးမြော်တဲ့အခါမှာ ကျောင်းသားကျောင်းသူတွေ ကုသိုလ်လည်း ရသလို ဗဟုသုတတွေလည်း အများကြီးရကြပါတယ်။ အခုလာရောက်ဖူးမြော်တဲ့ ကျောင်းသား ကျောင်းသူတွေကအယောက် ၁၀၀ ကျော်ပါတယ်။ ဒီဘုရားကြီးက မြန်မာနိုင်ငံတွင်သာမက ကမ္ဘာပေါ်ရှိ ထိုင်တော်မူဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးတွေထဲမှာ အကြီးဆုံးဖြစ်တယ်။ ပြီးတော့ နောင်လာမယ့် ဘုရားသမိုင်းမှာအကြီးဆုံး၊ အခမ်းနားဆုံးဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းမှာ တွင်ကျန်ရစ်နေမှာလည်း ဖြစ်တယ်။ ဒီလိုသမိုင်းတွင်ကျန်ရစ် နေမယ့်အထင်ကရ ဒီဘုရားကြီးကို လာရောက်ဖူးမြော်ခွင့်ရတဲ့အတွက် သက်ဆိုင်ရာအားလုံးကို ကျေးဇူးလည်းတင်သလိုဝမ်းသာ ပီတိလည်း အင်မတန်မှ ဖြစ်ရပါတယ်။ ကလေးတွေလည်း ကုသိုလ်လည်းရဝမ်းလည်းဝဆိုသလို ဗဟုသုတတွေလည်းအများကြီး တိုးပွားစေပါတယ်။ ဂန္ဓကုဋိတိုက်တွေမှာ ဗုဒ္ဓဝင်ဇာတ်တော်တွေကို ပန်းချီကားချပ်တွေ ရေးဆွဲထား တာလည်း လက်ရာကလည်းကောင်း၊ ကျောင်းသားကျောင်းသူ တွေအတွက် လေ့လာမှတ်သား စရာတွေ အများကြီးရရှိစေပါတယ်။ အခုကတော့ ကုသိုလ်နဲ့ အကုသိုလ် အကြောင်းလေးတွေ၊ ကံကံ၏အကျိုးလေးတွေအကြောင်း ကျောင်းသား ကျောင်းသူတွေကို ရှင်းပြပေး နေတာပါ။ ပြီးတော့ကျွန်မနဲ့အတူ ကျောင်းသား ကျောင်းသူတွေအားလုံး ဒီဘုရားကြီးပရိဝုဏ် အတွင်းမှာရှိတဲ့ သာသနိကအဆောက်အအုံတွေနဲ့ ဗိသုကာလက်ရာတွေကို လေ့လာကြည့်ရှု ခွင့်ရပါတယ်။ ကျွန်မသိရ သလောက် ဒီလိုလက်ရာမြောက် ဗိသုကာလက်ရာတွေကို ပုဂံ-ညောင်ဦးမှာရှိတဲ့ ဘုရား၊ စေတီ၊ ပုထိုးတွေမှာ လေ့လာလို့ရတယ်။ ကျောင်းသား ကျောင်းသူတွေ အားလုံး အဲဒီကိုသွားဖို့ဆိုရင် တကူးတကဆိုတော့ မလွယ်လှဘူး။ တူတော့မတူဘူးပေါ့။ ဒီမှာရှိတဲ့ ဗိသုကာလက်ရာတွေလည်း လက်ရာအင်မတန်မြောက်ပါတယ်။ ကြမ်းခင်းတွေနဲ့ အဆောက်အအုံ တိုင်းလိုလို စကျင်ကျောက်တွေနဲ့ တည်ဆောက်ထားတဲ့အတွက် ရင်ထဲမှာ အေးချမ်းမှုကို ပိုပြီး ခံစားရပါတယ်။ နောက် သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေအနေနဲ့ ဩဂုတ် ၈ ရက်နေ့ကတည်းက ဖူးမြော်ခွင့် ကတော့ အားလုံးအခမဲ့ပါ။ ဖုန်းတွေ၊ ကားတွေကိုတော့ ဝင်ကြေးပေးကြရပါတယ်။ ဒီလိုကောက်ခံ တဲ့နေရာမှာလည်း ဘုရားကြီးကို လှူဒါန်းရသလိုပဲ ခံစားရပါတယ်။ ကျွန်မအနေနဲ့ ဖုန်းတွေကို ငွေကျပ် ၁၀၀၀ ပေးရတာတော့ ဘုရားကြီးကိုအလုံးစုံမဟုတ်တောင် တစ်ထောင့်တစ်နေရာကနေ ပါဝင်လှူဒါန်းခွင့် ရတယ်လို့ပဲ သဘောထားပါတယ်။
ဦးညိမ်း (ဆွာမြို့)
ကျွန်တော်က ဆွာမြို့ကပါ။ ဒီမာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးက မြန်မာနိုင်ငံမှာသာမက ကမ္ဘာမှာပါ နာမည်ကြီးနေတာကိုတွေ့နေ၊ ကြားနေရတော့ ကိုယ်တိုင်လာရောက် ဖူးမြော်တာပါ။ ကျွန်တော်မသေခင် ဒီဘုရားကြီးကို သွားဖူးမယ်လို့ စိတ်ဆန္ဒပြင်းပြနေတာ ဘုရားကြီးစတည် ကတည်းကပါပဲ။ အဲဒါနဲ့ မိသားစုနဲ့ အတူ အိမ်နီးနားချင်း ၂၆ ယောက် လောက်စုပြီး ကားငှားလာ လိုက်တာ။ အခုတော့ ကိုယ်တိုင် လက်တွေ့ ဖူးမြော်ခွင့်ရပြီ။
ကိုယ်တိုင်လက်တွေ့ ဖူးမြော်လိုက်ရတော့တွေ့နေ၊ ကြားနေရတာထက်ကို ပိုပြီးကြီးကျယ်ခမ်းနား တာတွေ့ရတယ်။ ဒီအသက်အရွယ်ထိ ဒီလိုကြီးကျယ်ခမ်းနားတဲ့ ဘုရားကြီးကို မဖူးဖူးဘူး။ အဲဒီအတွက်လည်း ဝမ်းသာပီတိ ဖြစ်မိပါတယ်။ ကျေးဇူးတင်ထိုက် သူအားလုံးကိုလည်း ကျေးဇူး တင်မိပါတယ်။
မငယ်(ရွှေဘိုမြို့)
ကျွန်မက ရွှေဘိုမြို့က လာရောက်ဖူးမြော်တာပါ။ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ကိုးကွယ်တည်ထားတဲ့အတွက် ဝမ်းသာပီတိ ဖြစ်ရပါတယ်။ အဝေးကနေလာရတာ၊ လာရ ကျိုးလည်းနပ်ပါတယ်။ အခုဒီလည်းရောက်ရော ပင်ပန်းတာတွေ အကုန်ပျောက်သွားပြီ။ ဘုရားကြီးမှာရှိတဲ့ နားနေဆောင် တွေမှာဆိုရင်ဝင်လိုက်တာနဲ့ အေးချမ်းနေတာကို တော်တော် အံ့ဩနေတာ။ တအားကို အေးချမ်းတာ။ ဘယ်လောက်ပဲ နေပူပူဘုရားကြီးရဲ့ မျက်နှာတော်က သပ္ပာယ်ပြီး အင်မတန်ကြည်ညို စရာကောင်းပါတယ်။ ပူတဲ့အပူတွေလည်း ဘယ်ရောက်သွားမှန်း တောင်မသိပါဘူး။ လာဖူးရတဲ့ အတွက်လည်း ကျေနပ်ပီတိဖြစ်ရပါတယ်။ နောက်ပြီး ဒီမှာရှိတဲ့ အဆောက်အအုံတွေမှာဆိုရင် ပန်းချီ၊ ပန်းပုတွေ တကယ်လက်ရာ မြောက်တယ်။ ဒီဘုရားကြီးကို ဦးဆောင်ဦးရွက် ပြုလုပ်သူတွေကို ကျေးဇူးလည်းတင်ပါတယ်၊ မေတ္တာလည်းပို့ပါတယ်။ အခုတော့ ဘုရားကြီးပဲ ဖူးဖြစ်သေးတယ်။ ဂန္ဓကုဋိတိုက်တွေ၊ ကျောက်စာရုံ စေတီတွေကိုတော့ မသွားရသေးဘူး။
မရွှေကြီး (တောင်ကြီးမြို့)
ကျွန်မကတော့ တောင်ကြီးမြို့က လာရောက်ဖူးမြော်တာပါ။ ကျွန်မကမြေပြန့်ကိုလည်း မရောက်ဖူးဘူး၊ နေပြည်တော် လည်းမရောက်ဖူးဘူး။ ဘုရားကြီးကို သတင်းစာတွေနဲ့ ရုပ်မြင် သံကြားတွေမှာ တွေ့မြင်နေရတာ ကြာနေပြီ။ အလုပ်က တစ်ဖက် ဆိုတော့ မအားတာနဲ့ မလာ ဖြစ်တာ။ အလုပ်ဆိုတာပြီးတယ် ဆိုတာမရှိဘူး။ ဆက်လုပ်နေ ရဦးမှာပဲ။ အဲဒါနဲ့ အလုပ်ကိုနားဖို့ စိတ်ပိုင်းဖြတ်ပြီး လာရောက် ဖူးမြော်တာပါ။ လာဖူးချင်နေတာတော့ ကြာနေပြီ။ ပြီးတော့ အစ်မတွေနဲ့ ဆွေမျိုးတွေကိုလည်း ဖူးစေချင်တယ်။ အဲဒါနဲ့သူတို့တွေကို စရိတ်အကုန်အကျခံပြီး လာဖူးတာပါ။ အခုမှပဲ ဖူးမြော် ခွင့်ရတော့တယ်။ အခုဖူးတာတော့ အတော်စုံသွားပြီ။ လက်တွေ့ လာရောက် ဖူးမြော်လိုက်တော့ သက်ရှိထင်ရှား မြတ်စွာဘုရားကို ဖူးမြော်ရသလို ခံစားရပါတယ်။ ပြီးတော့ ဝမ်းသာပီတိလည်း ဖြစ်မိပါတယ်။ ကျောက်စာရုံ စေတီတွေမှာဆိုရင် ပိဋကတ်သုံးပုံကို လက်တွေ့လေ့လာ ခွင့်ရတယ်။ ကျွန်မဆိုရင် စာအုပ်ထဲမှာပဲ လေ့လာဖတ်ရှုဖူးတယ်။ အဲဒီလိုမျိုး စီမံဆောင်ရွက်ပေးတဲ့အတွက် ဝမ်းသာပီတိဖြစ်ရ ပါတယ်။ အများသူငှာတို့လည်း အလွယ်တကူ လေ့လာခွင့်ရတဲ့အတွက် ကျေနပ်မိပါတယ်။ ကျွန်မအနေနဲ့ ဒီလိုကျောက်ဆစ်ရုပ်တုကိုဖူးမြော်ရတာ ဒါပထမဆုံးပါပဲ။ အဝင်မုခ်ဦးမှာတော့ ဖုန်းတွေကို အခကြေးငွေပေး ဆောင်ရတယ်။ ဒါလည်းအလှူလို့ပဲ သဘောထားပါတယ်။ ဖြစ်နိုင်ရင် ကိုယ်ရောက်ဖူးတဲ့ နေရာတိုင်းမှာတတ်နိုင်တဲ့ အလှူဒါနလေး ပြုချင်တယ်။ ဒီလိုအခကြေးငွေ ကောက်ခံတဲ့နေရာမှာလည်း ဘာမှပြောစရာမရှိပါဘူး။ သူ့စည်းကမ်းနဲ့သူတော့ရှိကြတာပဲ။ ဘောပင်တွေမယူရ ဆိုရင်လည်း ကလေးတွေက ပုံတွေဆွဲမယ်၊ ဟိုခြစ်၊ ဒီခြစ်လုပ်တဲ့အခါ အဆောက်အအုံနံရံတွေ ညစ်ထေးသွားမယ်။ ဒါတွေကို စည်းကမ်းတကျနဲ့ ဆောင်ရွက် ထားတာလည်း ကောင်းပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ လာရောက် ဖူးမြော်ကြသူတွေ အနေနဲ့ အဲဒီစည်းကမ်းလေးတွေကို လိုက်နာဖို့လိုပါတယ်။ နောက်ပြီး မဖူးမြော်ရသေးတဲ့ သူတွေလည်း ကမ္ဘာပေါ်မှာ အကြီးဆုံးဖြစ်လာမယ့်ဘုရားကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ဖူးမြော်ကြဖို့ တိုက်တွန်းပါရစေ။
မစိမ်းလဲ့ဆူး (ဇမ္ဗူသီရိမြို့နယ်)
ကျွန်မက ဇမ္ဗူသီရိမြို့နယ် အထက(၅) Grade -7 က ကျောင်းသူပါ။ ဘုရားကြီးကို ဖူးချင်နေတာတော့ ကြာနေပြီ။ အခုတော့ ကျောင်းက စီစဉ် ပေးတာရယ်၊ ဆရာမတွေ လိုက်ပို့ပေးတာရယ်ကြောင့် ဖူးမြော်ခွင့် ရပါပြီ။ သူငယ်ချင်းတွေလည်း အားလုံးပါတယ်ဆိုတော့ ပျော်လည်းပျော်၊ ဝမ်းလည်းသာ၊ ပီတိလည်းဖြစ်ရပါတယ်။ ဒီကိုရောက်တော့ ဘုရားကြီးကို အရင်းဆုံးလာဖူးတာ။ ဘုရားကြီးက သပ္ပာယ်တယ်၊ ကြည်ညိုစရာ ကောင်းတယ်။ ပြီးတော့ဒီပရိဝုဏ် အတွင်းမှာရှိတဲ့ မြင်ကွင်းအားလုံးက ကြည့်လို့ကောင်းတယ်၊ ကျယ်လည်းကျယ်ဝန်းတယ်၊ ဘုရားဖူးတွေလည်း များတယ်။ မုခ်ဦးကနေ ဝင်လာလိုက် ကတည်းက စိတ်လှုပ်ရှားတယ်၊ ကြည်ညိုသဒ္ဓါစိတ်တွေလည်း ပိုပြီးဖြစ်မိတယ်။ ကျွန်မအနေနဲ့ ဒီဘုရားကြီးကို ဖူးမြော်ခွင့်ရအောင် ကိုးကွယ်တည်ထားကြတဲ့ ဒါယကာ၊ ဒါယိကာမအပေါင်းနဲ့ လိုက်ပို့ပေးတဲ့ ဆရာ ဆရာမ အားလုံးကို ကျေးဇူးတင်ပါတယ်။
မောင်မျိုးသူဟန် (တောင်ကြီးမြို့)
ကျွန်တော်က တောင်ကြီးမြို့ကနေ လာရောက်ဖူးမြော်တာပါ။ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ အတူလာတာပါ။ ဒီဘုရားကြီးကို အွန်လိုင်းမှာ ဖူးမြော်ခွင့်ရတယ်၊ နာမည်လည်းကြီးတယ်၊ ကမ္ဘာ ပေါ်မှာရှိတဲ့ ထိုင်တော်မူရုပ်ပွား တော်မြတ်တွေထဲမှာ အကြီးဆုံးဆိုတော့ ဖူးချင်စိတ် ဖြစ်မိတာနဲ့ လာရောက် ဖူးမြော်တာပါ။ ကိုယ်တိုင်လက်တွေ့ဖူးမြော် လိုက်ရတဲ့အခါမှာလည်း အံ့ဩမှင်သက်ဖြစ်ရပါတယ်။ ကြည်ညိုစရာလည်းကောင်းသလို အခုလို ဖူးမြော်ခွင့်ရတဲ့ အတွက်လည်း ဝမ်းသာပီတိဖြစ်ရပါတယ်။ အဝင်ဂိတ်မှာတော့ ဖုန်းတွေ၊ ကားတွေကို ဝင်ကြေးကောက်ခံတာတွေရှိ တယ်။ ဒါဟာလည်း သာသနိကအဆောက်အအုံတွေ ပြုပြင် ထိန်းသိမ်းခအနေနဲ့ ပေးဆောင် သင့်တယ်လို့ မြင်ပါတယ်။ ဒါလည်းကုသိုလ်တစ်မျိုးပါပဲ။ လာရောက်မဖူးမြော်ရသေးသူ အားလုံးကိုလည်း လာရောက် ဖူးမြော်ကြဖို့ တိုက်တွန်းချင် ပါတယ်။
တွေ့ဆုံမေးမြန်း - အလင်းသစ်၊ သန်းတင်အောင်
ဓာတ်ပုံ - နေမျိုး