နေပြည်တော် စက်တင်ဘာ ၄
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့၏ (၃/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦး တက်ရောက် အမှာစကားပြောကြားသည်။
ဦးစွာဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက အထူးစီးပွားရေးဇုန်များနှင့် ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား အသေးစိတ်ဆွေးနွေးပြောကြားပြီး နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များကို မူဝါဒအဖြစ်ခံယူကာ အထူးစီးပွားရေးဇုန်များ မြန်ဆန်စွာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေးကိုလည်းကောင်း၊ အထူးစီးပွားရေးဇုန်အလိုက်ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း ဆွေးနွေးပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌများ၊ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအသီးသီးမှ ဥက္ကဋ္ဌများ၊ ဗဟိုလုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူ များက အထူးစီးပွားရေးဇုန်အလိုက် ဆောင်ရွက်ရန်ကိစ္စများ၊ လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည့် အစီအစဉ်များကို ဝိုင်းဝန်းဆွေးနွေးအကြံပြုတင်ပြကြရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အစည်းအဝေးသို့ မြန်မာအထူး စီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဒုတိယဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ သီလဝါ၊ ကျောက်ဖြူနှင့်ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရ သည်။
သတင်းစဉ်