Skip to main content

(၅၂) ကြိမ်မြောက် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲ (ပြည်တွင်းအဆင့်) ဆုရရှိသူများထုတ်ပြန်

နေပြည်တော် စက်တင်ဘာ ၄

ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (ယူပီယူ) တည်ထောင် သည့် ၁၈၇၄ ခုနှစ်မှစ၍ နှစ်စဉ်အောက်တိုဘာ ၉ ရက်ကို ကမ္ဘာ့စာပို့တိုက်နေ့အဖြစ်သတ်မှတ်၍ အထိမ်းအမှတ် အခမ်းအနားများကျင်းပခဲ့ရာ အဖွဲ့ဝင်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံအနေဖြင့်လည်း နှစ်စဉ်ပါဝင်ကျင်းပလျက်ရှိသည်။ ကမ္ဘာ့စာပို့တိုက်သမဂ္ဂနှင့် ကုလသမဂ္ဂ၏ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ အစည်း (UNESCO) တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ၁၉၇၁ ခုနှစ်မှစတင်၍ အသက်(၁၅)နှစ်နှင့်အောက် နိုင်ငံတကာလူငယ်များပေးစာရေးပြိုင်ပွဲကို ကမ္ဘာနှင့်တစ်ဝန်း နှစ်စဉ်ကျင်းပလေ့ရှိရာ ယခု ၂၀၂၃ ခုနှစ်တွင် (၅၂) ကြိမ်မြောက် ရောက်ရှိခဲ့ပြီဖြစ်သည်။

၂၀၂၃ ခုနှစ် ကမ္ဘာ့စာပို့တိုက်နေ့အထိမ်းအမှတ်အဖြစ် ကျင်းပသော အသက် ၁၅ နှစ်နှင့်အောက် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲကို မြန်မာနိုင်ငံမှ ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင် နိုင်ရန်အတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန နှင့် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဖေဖော်ဝါရီ ၄ ရက်တွင် မြန်မာနိုင်ငံ တစ်ဝန်းရှိ အခြေခံပညာကျောင်းများတွင် ကျင်းပခဲ့ သည်။ ပြိုင်ပွဲဝင်ရမည့်ခေါင်းစဉ်မှာ “Imagine you are a super hero and your mission is to make all roads around the world safer for children. Write a letter to someone explaining which super powers you would need to achieve your mission.” ဖြစ်ပြီး အခြေခံပညာအဆင့်တွင် ဖြေဆိုသူ ကျောင်းသား / ကျောင်းသူ စုစုပေါင်း ၅၁၁ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့သည်။

ရရှိလာသည့် ပြိုင်ပွဲဝင်စာမူ ၅၁၁ စောင်ကို ပညာရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ ပူးပေါင်းပါဝင်သည့် အကဲဖြတ် အဖွဲ့ဖြင့် စိစစ်အကဲဖြတ်ခဲ့ရာ ပြည်တွင်းအဆင့် ပထမဆုကို ကရင်ပြည်နယ် အ-ထ-က (၂) ဘားအံမြို့နယ် Grade-8 မှ မနန်းအံ့မွန်အိမ်ကလည်းကောင်း၊ ဒုတိယဆုကို မွန်ပြည်နယ် အ-ထ-က (၁) မုဒုံမြို့နယ် Grade-7 မှ မောင်ဝေဘုန်းလူကလည်းကောင်း၊ တတိယဆုကို ရှမ်းပြည်နယ် (တောင်ပိုင်း) အ-ထ-က (၁) ညောင်ရွှေမြို့နယ် Grade-4 မှ မောင်သန်းထိုက် ကလည်းကောင်း၊ အထူးဆုကို ရန်ကုန်တိုင်းဒေသကြီး အ-ထ-က (၁) ဒဂုံမြို့နယ် Grade-7 မှ မမေမြင့်မိုရ် ကြည်တို့ကလည်းကောင်း ရရှိခဲ့သည်။ အဆိုပါအကဲဖြတ်အဖွဲ့၏ စိစစ်ရွေးချယ်ချက်အရ ပြည်တွင်းအဆင့် ပထမဆုရစာမူကို ယူပီယူကကျင်းပသည့် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲသို့ပေးပို့ ယှဉ်ပြိုင်ထားပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်