နေပြည်တော် စက်တင်ဘာ ၄
နေပြည်တော် ပျဉ်းမနားမြို့နယ် ပြည်ထောင်ကိုးကျေးရွာအုပ်စု ပြဒါးချောင်းကျေးရွာ၌ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ရန်ရောက်ရှိနေသည့် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး မင်းနောင်ဦးစီးသည့် ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ဒေသခံ တိုင်းရင်းသားပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ထောက်ပံ့ရေးပစ္စည်းများ၊ ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပေးသည့် အိမ် ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားတို့ကို ပေးအပ်ခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင် ဦးစီးသည့်အဖွဲ့သည် ပြည်ထောင်ကိုး ကျေးရွာအုပ်စုအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်သံဃာတော်များအား ပြဒါးချောင်းကျေးရွာ ရွာဦးကျောင်း၌ ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ကြပြီး မြစိန်ရတနာကျောင်းတိုက်၏ ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တကုမာရထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
ထို့နောက် ဗိုလ်မှူးကြီးမင်းနောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ဆရာတော်သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော်ဘဒ္ဒန္တကုမာရထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ယင်းနောက် ဗိုလ်မှူးကြီးမင်းနောင်နှင့် အဖွဲ့သည် ပြဒါးချောင်းကျေးရွာ ရွာဦးကျောင်း၌ ပြည်ထောင်ကိုးကျေးရွာအုပ်စုရှိအုပ်ချုပ်ရေးမှူး၊ ကျေးရွာခွဲတာဝန်ခံများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူလူထုတို့နှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် ဗိုလ်မှူးကြီးမင်းနောင်က ပျဉ်းမနားမြို့နယ်အတွင်းရှိ တောင်ပေါ်ကျေးရွာများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ပေးရန် လာရောက်ခြင်းဖြစ်ကြောင်း၊ မြေပြန့်နှင့် တောင်ပေါ်ဒေသ၊ကျေးလက်နှင့် မြို့ပြဒေသလူနေမှုအဆင့်အတန်း ကွာခြားမှုမရှိစေရေးရည်ရွယ်၍ အဓိကထား ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ တောင်ပေါ်ဒေသနေ ပြည်သူလူထု စာတတ်မြောက်ရေးအတွက်လည်း မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်ပေး မည်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ ကျန်းမာရေး ကောင်းမွန်ရေးသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း၊ ထို့ကြောင့် တောင်ပေါ်ဒေသနေ ပြည်သူလူထု ရောဂါကင်းဝေး၍ ကျန်းမာသော ဘဝရရှိစေရေးတတ်နိုင်သမျှ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း။
မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးတင်ပြ
ထို့ပြင်ဒေသ၏ အခြေခံလိုအပ်ချက်များဖြစ်သော လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေး၊ သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သက်ဆိုင်သည့် အသိပညာကောင်းများ ရရှိစေရေးကိုလည်း ခရီးစဉ်တွင်လိုက်ပါလာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ဒေသခံ တိုင်းရင်းသား ပြည်သူများအနေဖြင့် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ပွင့်လင်းစွာတင်ပြကြစေလိုကြောင်း၊ ထိုသို့တင်ပြမှသာ မိမိတို့အနေဖြင့် ဘဏ္ဍာရေးနှစ်များ လျာထားကာ အမြန်ဆုံးဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နယ်မြေတည်ငြိမ်အေးချမ်း လုံခြုံရေးသည်လည်း အရေးကြီးသည့်အတွက်အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထု တစ်သားတည်းရှိရန်နှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဗိုလ်မှူးကြီးမင်းနောင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ပြည်ထောင်ကိုးကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများမှ ဘုန်းတော်ကြီးကျောင်းများ၊ အိမ်ထောင်စုများ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ အခြေခံပညာကျောင်းများမှ ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများအတွက် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ကျောင်းသုံးစာရေးကိရိယာများ၊ ဗဟုသုတရဖွယ် သုတ၊ ရသစာအုပ်များ၊ ဆေးစိမ်ခြင်ထောင်များ၊ သဘာဝမြေဩဇာများ၊ ကလေးကစားစရာများနှင့် ထောက်ပံ့ငွေတို့ကိုပေးအပ်ရာ သက်ဆိုင်ရာကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများက လက်ခံရယူကြသည်။
နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်က ပြည်ထောင်ကိုးကျေးရွာအုပ်စုရှိ ကျေးရွာသူကျေးရွာသားများနှင့် ကျောင်းသား ကျောင်းသူများအား ပန်းခင်းစီမံချက်(၂)ဖြင့် ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆) တို့ကို ပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။
ယင်းနောက် ကျေးရွာများမှ ဒေသခံတိုင်းရင်းသား ပြည်သူများက မိမိတို့ဒေသအတွက် ဆောင်ရွက်ပေး စေလိုသည့် ပညာရေး၊ ကျန်းမာရေးနှင့် အခြားဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက် ပေးမည့်အစီအမံများနှင့် စပ်လျဉ်း၍ ပြန်လည် ရှင်းလင်းဆွေးနွေးကြပြီး ပြည်ထောင်ကိုးကျေးရွာ အုပ်စုရှိ ဒေသခံပြည်သူများကိုယ်စား ပြည်ထောင်ကိုး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဗိုလ်မှူးကြီး မင်းနောင်က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ဆက်လက်၍ ဗိုလ်မှူးကြီးမင်းနောင်သည် ကျေးရွာအတွင်းမှ စိုက်ပျိုးအောင်မြင်ထွက်ရှိသည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ၊ ဆေးဖက်ဝင်အပင်များနှင့် ဝါးလက်မှုပညာရပ်ဆိုင်ရာပစ္စည်းများ ခင်းကျင်းပြသထားမှုကို ကြည့်ရှုအားပေးသည်။
မွန်းလွဲပိုင်းတွင် ဗိုလ်မှူးကြီးမင်းနောင်သည် နေပြည်တော်ကုသရေးဦးစီးဌာန နယ်လှည့်ဆေးကုသရေးအဖွဲ့က ပြဒါးချောင်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာန၌ သံဃာတော်များနှင့် ကျေးလက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိသည့် အခြေအနေများကို ကြည့်ရှုအားပေးပြီး ကျန်းမာရေးဆိုင်ရာ ဆေးဝါးပစ္စည်းများနှင့် ထောက်ပံ့ငွေများကိုလည်းကောင်း၊ ပြဒါးချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ပျဉ်းမနားတောင်ပေါ်ဒေသ ကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင် လျက်ရှိကြသည့် ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ စာပေသင်ကြားသင်ယူနေမှု အခြေအနေများကို မေးမြန်းကာ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ကျောင်းသုံးစာရေးကိရိယာပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် ထောက်ပံ့ငွေများကိုလည်းကောင်း ပေးအပ်သည်။
ထို့နောက် ဗိုလ်မှူးကြီးမင်းနောင်သည် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုတို့ကို ကြည့်ရှုအားပေးပြီး ကျောင်းသား ကျောင်းသူများအနေဖြင့် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရည်မြင့်မားရေးအတွက် ကျောင်းသင်ခန်းစာများကို ကြိုးစားသင်ယူကြရန် မှာကြားပြီး စားသောက်ဖွယ်ရာများ ဝေငှပေးသည်။
မြသီတာထွန်း သဘာဝအပန်းဖြေစခန်း
ညနေပိုင်းတွင် ဗိုလ်မှူးကြီးမင်းနောင်သည် မြသီတာကျေးရွာ ရွာလယ်လမ်းမကြီးအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်လျာထားဆောင်ရွက်မည့် အခြေအနေများနှင့် အခြေခံပညာ မူလတန်းလွန်ကျောင်း ပြန်လည်တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေး၊ ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်ကို အခြေခံ၍ ခရီးသွားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ထားသည့် မြသီတာထွန်း သဘာဝ အပန်းဖြေစခန်းသို့ သွားရောက်ကြည့်ရှု၍ ဒေသ အခြေပြု ခရီးသွားလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ဒေသနေတိုင်းရင်းသားများ၏ အလုပ်အကိုင် အခွင့်အလမ်းများနှင့် လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်အောင်လည်း ဆောင်ရွက်ပေးစေလိုကြောင်း မှာကြားသည်။
သတင်းစဉ်