Skip to main content

ပညာရေးဝန်ကြီးဌာန တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ လူငယ်သီတင်းပတ်(Youth Week) ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် စက်တင်ဘာ ၄

ပညာရေးဝန်ကြီးဌာန တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ လူငယ်သီတင်းပတ် (Youth Week) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာဆရာမများ၊ Naypyitaw State Academy တက္ကသိုလ် ကျောင်းသားကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပ

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက အသစ်ချမှတ်ထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်၏ လူမှုရေးဦးတည်ချက် (ဂ)တွင် “နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး” ဟူသော ဦးတည်ချက်ပါဝင်ပါကြောင်း၊ နိုင်ငံ၏ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များတွင် ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များသည် အဓိကစွမ်းအားစုအဖြစ် အရေးပါသည့်ကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်းကို တက္ကသိုလ်ကျောင်းသား ကျောင်းသူ၊ လူငယ်များသတိပြုမိစေရန်ရည်ရွယ်ချက်ဖြင့် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၄ ရက်မှ စက်တင်ဘာ ၈ ရက်အထိ လူငယ်သီတင်းပတ် (Youth Week)အဖြစ်သတ်မှတ်ပြီး ပညာရေးဝန်ကြီးဌာန၏ တက္ကသိုလ်ကျောင်း ၅၀ နှင့် ပညာရေးဒီဂရီကောလိပ် ၂၅ ကျောင်းတွင် ဗလငါးတန်တစ်ခုချင်းကို ဖော်ကျူးသည့် လူငယ်လှုပ်ရှားမှုများကို မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပပေးလျက် ရှိပါကြောင်း။

ဗလငါးတန်ဖွံ့ဖြိုးရေး

ယနေ့လူငယ်များသည် အနာဂတ်မြန်မာနိုင်ငံတော်အတွက် အင်မတန်အားကိုးအားထားပြုရမည့် လူ့စွမ်းအားအရင်းအမြစ် အစစ်အမှန်များပင်ဖြစ်ပါကြောင်း၊ အဆိုပါ လူ့စွမ်းအားအရင်းအမြစ်များ ဗလငါးတန်နှင့်ပြည့်စုံရေးသည် အင်မတန်အရေးကြီးသည့် အချက်တစ်ခုဖြစ်ပါကြောင်း၊ ဗလငါးတန်ဆိုသည်မှာ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တ ဗလ၊ မိတ္တဗလ၊ ဘောဂဗလတို့ဖြစ်ပါကြောင်း၊ “ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်သီတင်းပတ်(Youth Week)” အစီအစဉ်တွင် တက္ကသိုလ် ကျောင်းသား ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေးနှင့်စပ်လျဉ်းပြီး လှုပ်ရှားမှုအမျိုးမျိုး ထည့်သွင်းကျင်းပသွားမည် ဖြစ်ပါကြောင်း။

သရုပ်ပြကွက်များ ပြသ

ကာယဗလ၏ အရေးပါမှုကို မီးမောင်းထိုးပြသည့်အနေဖြင့် ဝူရှူး၊ ခြင်းလုံး၊ Fitness Dance၊ လှယဉ်ကျေးမယ် စသည့်အားကစားနှင့် ကာယအလှပြ၊ သရုပ်ပြကွက်များကို ပြသမည်ဖြစ်ပါ ကြောင်း၊ ဉာဏဗလအတွက် လူငယ်စကားဝိုင်းများ ကျင်းပခြင်း၊ အသိပညာဗဟုသုတမျှဝေရေး Project Presentation များပြုလုပ်ခြင်း၊ လူငယ်များ၏ Talent and Art Show များကျင်းပခြင်း၊ စာရိတ္တဗလအတွက် လူငယ်နှင့်လောကနီတိ ဟောပြောပွဲများ ကျင်းပခြင်း၊ မိတ္တဗလအတွက် လူငယ်တွေ့ဆုံပွဲများ၊ မောင်နှမဆောင် Hostel Dinner ကျင်းပခြင်း၊ သီချင်းဆိုခြင်း၊ Fun Fair ၊ Farewell ၊ ဈေးရောင်းပွဲများ ကျင်းပခြင်း၊ ဘောဂဗလအတွက်အောင်မြင်နေသည့် စီးပွားရေးလုပ်ငန်းရှင်များက ဟောပြောခြင်း၊ ကုန်ထုတ်လုပ်မှုမြှင့်တင်ရေးခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲများ၊ စကားပြောပြိုင်ပွဲများ ကျင်းပခြင်းအစရှိသည့် လှုပ်ရှားမှုများကို ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ယနေ့မှစပြီး စတင်အကောင်အထည်ဖော် ဆောင်ရွက်သည့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်သီတင်းပတ် (Youth Week) အစီအစဉ်တွင် အနာဂတ် မျိုးဆက်သစ် တက္ကသိုလ်ကျောင်းသား လူငယ်များ တက်ကြွစွာပါဝင်ပူးပေါင်းဆောင်ရွက်ကြခြင်းအားဖြင့် အနာဂတ်မြန်မာနိုင်ငံတော်တွင် အားကိုးအားထားပြုနိုင်သည့် အားကိုးအားထားပြုရမည့် ဗလငါးတန်နှင့်ပြည့်စုံသည့် မျိုးဆက်သစ် လူငယ်များ၊ မျိုးဆက်သစ် လူ့စွမ်းအားအရင်းအမြစ်များ အများအပြား ပေါ်ထွက်လာနိုင်စေရန်ဆန္ဒပြုပါကြောင်း ပြောကြားသည်။

သီချင်းဖြင့် သီဆိုဖျော်ဖြေ

ထို့နောက် Naypyitaw State Academy ကျောင်းသား ကျောင်းသူများက “Naypyitaw State Academy” Group Song သီချင်းဖြင့် သီဆိုဖျော်ဖြေ ကြသည်။

ယင်းနောက် Naypyitaw State Academy ကျောင်းသူလေးများက “ယဉ်တစ်ကိုယ်မယ်” သီချင်းဖြင့် အဖွဲ့လိုက်နှင့် တစ်ဦးချင်းအလိုက် သရုပ်ပြဖျော်ဖြေကြသည်။ ထို့နောက် ကျောင်းသူတစ်ဦးက တစ်ပင်တိုင်အကအလှဖြင့် ကပြဖျော်ဖြေသည်။

အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးက ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်