နေပြည်တော် စက်တင်ဘာ ၄
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌နယ်စပ် ဂိတ်များမှတစ်ဆင့် ထိုင်းနိုင်ငံသို့ MoU U-turn စနစ်ဖြင့် အလုပ် သမားစေလွှတ်နိုင်ရေးအတွက် မြဝတီမြို့နှင့် ကော့သောင်းမြို့သို့ သွားရောက်တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
သဘောတူစာချုပ် ချုပ်ဆို
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးကထိုင်းနိုင်ငံ၌ နေထိုင်လုပ်ကိုင်လျက်ရှိသည့် MoU သက်တမ်းလေးနှစ်ပြည့် အလုပ်သမားများကို ထိုင်းနိုင်ငံသို့ အချိန်တိုအတွင်း ပြန်လည်ဝင်ရောက် လုပ်ကိုင်နိုင်ရန်အတွက် အလုပ်ရှင်၊ အလုပ်သမားအလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ချုပ်ဆိုခြင်း၊ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC)ရိုက်နှိပ်ခြင်းများကို မြဝတီမြို့နှင့် ကော့သောင်းမြို့ များတွင် One Stop Service ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊၊
ထိုင်းနိုင်ငံသို့ ရောက်ရှိလုပ်ကိုင်နေသည့် MoU လေးနှစ် ပြည့် အလုပ်သမားများအတွက် အချိန်နှင့် ငွေကုန်ကြေးကျ သက်သာစေရေးနှင့်နှစ်နိုင်ငံ MoU U-turn စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ဆောင်ရွက်သည့်လုပ်ငန်းစဉ်ဖြစ်၍ တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအနေဖြင့် ဝန်ကြီးဌာန၏ ရည်မှန်းချက်အား အောင်မြင်စေရေး စေတနာထား ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အလုပ်သမားများ OWIC လာရောက်ပြုလုပ်ရာတွင် လုပ်ငန်းစဉ်များ စနစ်တကျ ဆောင်ရွက်ပေးရန်နှင့် ငွေစာရင်း ပိုင်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ လွဲမှားမှုမရှိစေရေး အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားသည်။
ထို့နောက် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများအား ညွှန်ကြားရေးမှူးချုပ်နှင့် အမြဲတမ်းအတွင်းဝန်တို့က ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရန်အချက်များကို မှာကြားပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ အရာထမ်းများလုပ်ငန်းခွင်ဝင် မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားသည်။
ဖွင့်ပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
လုပ်ငန်းတာဝန်များသင်ကြားမည်
အဆိုပါ သင်တန်းတွင် အရာ ထမ်းအသစ်များကို On Job Training System ဖြင့် စက်တင် ဘာ ၄ ရက်မှ ၁၈ ရက်အထိဖြစ်ပြီး သင်တန်းကာလ ၁၂ ရက်အတွင်း နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေနှင့် ရုံးလုပ်ငန်းဆိုင်ရာ ဘာသာရပ်များ၊ ငွေစာရင်းဘာသာရပ်များ၊ ဦးစီးဌာနများ၏ တည်ဆဲဥပဒေ၊ နည်းဥပဒေများအပြင် အလုပ်သမားဥပဒေ စစ်ဆေးရေးအရာရှိများ၊ အလုပ်ရုံစစ်ဆေးရေးအရာရှိများ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ ကျင့်ဝတ်များနှင့်ပတ်သက်ပြီး သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်