Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ပျဉ်းမနားမြို့ သံဃဘေသဇ္ဇဌာနဝိဟာရ သံဃာ့ဆေးရုံကြီးမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့်တွေ့ဆုံ၍ ဆေးရုံအုပ်ချုပ်မှုကော်မတီထံ အလှူငွေများလှူဒါန်း

နေပြည်တော် စက်တင်ဘာ ၄

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဒုတိယဝန်ကြီး ဦးအေးထွန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးတို့နှင့်အတူ ယနေ့နံနက် ၁၀ နာရီတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ပျဉ်းမနားမြို့ မင်္ဂလာရပ်ကွက် ဗိုလ်တောက်ထိန်လမ်းရှိ သံဃဘေသဇ္ဇဌာနဝိဟာရ သံဃာ့ဆေးရုံကြီး၌ ဆေးရုံအုပ်ကြီး၊ ဆေးရုံအုပ်ချုပ်မှုကော်မတီဝင်များ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၁၉၆၁ ခုနှစ်မှစတင်၍ ပျဉ်းမနားမြို့ မြို့မိ မြို့ဖများ ဦးဆောင်ကာ ဂိလာနသံဃာတော်များကို အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးခဲ့ရာမှ ရွှေဖောင်ဒေးရှင်းမိသားစုမှ လှူဒါန်းခဲ့သော ခြောက်ထပ်ဆေးရုံကြီး၌ ယနေ့အချိန်အထိရဟန်း၊ ရှင်လူပြည်သူအများကို ကျန်းမာရေး စောင့်ရှောက်မှုများ စဉ်ဆက်မပြတ်ပေးခဲ့နိုင်ခြင်းကိုသိရှိရ၍ ကျေးဇူးအထူးတင်ရှိပါကြောင်းနှင့် ရှေ့ဆက်ပြီးသံဃာ့ဆေးရုံကြီး ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်စေရန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ၊ ပျဉ်းမနားမြို့ သံဃဘေသဇ္ဇဌာနဝိဟာရ သံဃာ့ဆေးရုံကြီး အုပ်ချုပ်ရေးအဖွဲ့များက ညီညီညွတ်ညွတ်ဖြင့် ဆက်လက်စောင့်ရှောက်ပေးကြပါရန် တိုက်တွန်းနှိုး ဆော်ပါကြောင်းနှင့် လိုအပ်သည်များကို တင်ပြဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပျဉ်းမနားမြို့ သံဃဘေသဇ္ဇဌာနဝိဟာရ သံဃာ့ဆေးရုံကြီး၏ အုပ်ချုပ်မှုကော်မတီ အတွင်းရေးမှူး ဦးအောင်မြင့်ထွန်းက ဆေးရုံကြီးကိုခြောက်ထပ်အဆောက်အအုံဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး ၂၅ ခုတင်ဆံ့ဆေးရုံကြီးအဖြစ် ကျန်းမာရေးဝန်ဆောင်မှုများ ပြုလုပ်ပေးလျက်ရှိပါကြောင်းနှင့် ဆေးကုသမှုခံယူနေသော သံဃာတော်အရှင်သူမြတ်တို့၏ အားထားရာဆေးရုံကြီးဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းတင်ပြသည်။

ထို့နောက် ပျဉ်းမနားမြို့ သံဃဘေသဇ္ဇဌာန ဝိဟာရသံဃာ့ဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းမင်းထွဋ် (ပင်းတယ၊ မီးအိမ်ရှင်)က ၂၀၂၂ ခုနှစ် ဇူလိုင်လမှ ၂၀၂၃ ခုနှစ် ဇွန်လအတွင်း သံဃာတော် ၅၅၃၄ ပါး၊ သီလရှင် ၁၀၆၀ နှင့် ဆင်းရဲနွမ်းပါးလူနာ ၆၁၃ ဦး စုစုပေါင်း ၇၂၀၇ ပါး/ဦးတို့ကို အခမဲ့ကုသပေးနိုင်ခဲ့ကြောင်း၊ တစ်လလျှင်ပျမ်းမျှ သံဃာ၊ သီလရှင်အပါး ၂၅၀ ခန့်တို့ကို အခမဲ့ကုသပေးလျက်ရှိပါကြောင်းနှင့် လူမျိုးဘာသာမရွေး၊ ရောဂါမရွေး နိုင်ငံတကာအဆင့်မီ ဆေးကုသနည်းစနစ်များဖြင့် ကုန်ကျစရိတ်သက်သာသော ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ရရှိလာသော အလှူငွေများဖြင့် ရဟန်းသံဃာများနှင့် သီလရှင်ဆရာလေးများကို အခမဲ့ဆေးကုသမှုပေးလျက်ရှိကြောင်း တင်ပြသည်။

ယင်းနောက် မြို့မိမြို့ဖ ဦးအောင်ချိုက ပျဉ်းမနားမြို့သံဃဘေသဇ္ဇဌာနဝိဟာရ သံဃာ့ဆေးရုံကြီး ဖြစ်ပေါ်လာမှု သမိုင်းကြောင်းကို ရှင်းလင်းတင်ပြပြီး ရပ်ဝေး/ရပ်နီးမှ ရဟန်းရှင်လူ ပြည်သူများအား ကုန်ကျစရိတ်သက်သာသော ကျန်းမာရေးစောင့်ရှောက်မှုများ စဉ်ဆက်မပြတ် ကုသပေးနိုင်ခဲ့သည့်အတွက် သံဃာ့ဆေးရုံကြီးမှ ဆေးရုံအလုပ်အမှုဆောင်အဖွဲ့အား မြို့မိ မြို့ဖကိုယ်စား၊ သံဃာတော်အရှင်သူမြတ်တို့ကိုယ်စား ကျေးဇူးတင် ကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သံဃဘေသဇ္ဇဌာနဝိဟာရ သံဃာ့ဆေးရုံကြီးအတွက် အလှူငွေကျပ်သိန်း ၅၀ ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်နှင့် အုပ်ချုပ်မှုကော်မတီအတွင်းရေးမှူး ဦးအောင်မြင့်ထွန်းတို့က လက်ခံရယူပြီး ပြည်ထောင်စုဝန်ကြီးထံဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်