နေပြည်တော် စက်တင်ဘာ ၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Vinay Kumar အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
အမြင်ချင်းဖလှယ်ဆွေးနွေး
ထိုသို့တွေ့ဆုံစဉ် မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြားရှိရင်းစွဲချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးပိုမိုတိုးမြှင့်ရေး၊ ပညာရေးနှင့် သတင်းအချက်အလက်နည်းပညာကဏ္ဍများတွင် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကို ပိုမိုနီးကပ်စွာဆက်လက်အကောင်အထည်ဖော်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသများတည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရန်အတွက် နှစ်ဖက်ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရေး၊ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအပါအဝင် ကုန်သွယ်ရေးနှင့်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံကောင်စစ်ဆိုင်ရာကိစ္စရပ်များတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရေး၊ အာဆီယံနှင့်ကုလသမဂ္ဂအပါအဝင် ဒေသဆိုင်ရာနှင့် နိုင်ငံတကာမျက်နှာစာတွင် ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်