ရန်ကုန် စက်တင်ဘာ ၃
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီချွမ်ပြည်နယ်ချန်ဒူးမြို့တွင် စက်တင်ဘာ ၁ ရက်မှ ၂ ရက်အထိ ကျင်းပခဲ့သည့် (၅) ကြိမ်မြောက် တရုတ်နိုင်ငံ၏ အရည်အသွေးပိုင်းဆိုင်ရာညီလာခံ (The Fifth China Quality Confer-ence) သို့ တက်ရောက်ခဲ့ပြီး ယနေ့ ညနေပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ သံမှူးကြီး Mr. Zheng Zhihong နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုကြသည်။
ခရီးစဉ်အတွင်း ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ဩဂုတ် ၃၁ ရက် နံနက်ပိုင်းတွင် စီချွမ်ပြည်နယ် ပါတီအတွင်း ရေးမှူး Mr. Wang Xiaohui နှင့် အဖွဲ့အား လက်ခံတွေ့ဆုံပြီး အခြေခံအဆောက်အဦ တည်ဆောက်ရေးကဏ္ဍ၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ လူမှုရေးနှင့်ယဉ်ကျေးမှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရေးနှင့် ခေတ်မီစိုက်ပျိုးရေးနည်းပညာများ ပံ့ပိုးကူညီရေးစသည့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကိုလည်းကောင်း၊ မွန်းလွဲပိုင်းတွင် စီချွမ် ပြည်နယ်စွမ်းအင်ဆိုင်ရာ ရင်းနှီး မြှုပ်နှံမှုအဖွဲ့ (Sichuan Energy Investment Group Co., Ltd.) အား လက်ခံတွေ့ဆုံပြီး မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် စွမ်းအင်ဆိုင်ရာကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များကို လည်းကောင်း ဆွေးနွေးခဲ့သည်။
စက်တင်ဘာ ၁ ရက်တွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် Chengdu Century City New International Convention Center ၌ ပြုလုပ် သည့် (၅) ကြိမ်မြောက် တရုတ်နိုင်ငံ၏ အရည်အသွေးပိုင်းဆိုင်ရာ ညီလာခံ (The Fifth China Quality Conference) သို့ တက်ရောက်၍ အဖွင့်အမှာစကားပြော ကြားသည်။ အဆိုပါညီလာခံသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် Mr. Zhang Guoqing၊ တရုတ်နိုင်ငံ၏ ဈေးကွက်ထိန်းချုပ် စောင့်ကြည့်ရေး စီမံအုပ်ချုပ်ရေး ဌာနဝန်ကြီး Mr. Luo Wen ၊ စီချွမ်ပြည်နယ် ပါတီအတွင်းရေးမှူး Mr. Wang Xiaohui ၊ စီချွမ်ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Huang Qiang ၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၊ နိုင်ငံတကာစံနှုန်းသတ်မှတ်ရေးအဖွဲ့နှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် စီချွမ်ပြည်နယ်လဲ့ရှန်းမြို့ရှိ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် လဲ့ရှန်းဘုရားကြီးသို့ သွားရောက်လေ့လာဖူးမြော်ခဲ့ပြီး လဲ့ရှန်းမြို့ပါတီအတွင်းရေးမှူးမစ္စတာမာဘိုမှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်သည်။ ယင်းညစာစားပွဲတွင် လဲ့ရှန်းမြို့အစိုးရမှ အဆိုပြုထားသည့် လဲ့ရှန်းမြို့နှင့် မြန်မာနိုင်ငံပုဂံမြို့တို့အကြား ချစ်ကြည်ရေးညီအစ်မမြို့ သတ်မှတ်ရေးကိစ္စအပါအဝင် စိုက်ပျိုးရေး၊ နည်းပညာဖလှယ်ရေးနှင့် ခရီးသွားလုပ်ငန်းကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်လုပ်ဆောင်ရေး ကိစ္စရပ်များကိုဆွေးနွေးခဲ့သည်။
စက်တင်ဘာ ၂ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အော့မတောင်ရှိ ဟွာကျန့်ဘုရားကြီးအား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ပြီး ကောချောင်လီကျေးလကဒေသဖွံ့ဖြိုးရေးစီမံကိန်း (Gao-qiao-li Rural Revitalization Project) သို့ ဆက်လက်သွား ရောက်ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ချန်ဒူးမြို့မှ ပြန်လည်ထွက်ခွာရာ ချန်ဒူးရွှမ်းလျူအပြည် ပြည်ဆိုင်ရာ လေဆိပ် (Chengdu Shuangliu International Air-port) တွင် စီချွမ်ပြည်နယ်အစိုးရ ဒုတိယအထွေထွေအတွင်းရေးမှူး Mr. Ge Xiaopeng နှင့်အဖွဲ့က ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်