Skip to main content

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီစက်လုပ်ငန်းများအောင်မြင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် စက်တင်ဘာ ၁

မြန်မာနိုင်ငံ၏ ပြည်ပစားသုံးဆီတင်သွင်းမှု လျော့ကျစေရေးနှင့် ပြည်တွင်းစားသုံးဆီ ဖူလုံစေရေးအတွက် ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်ရန် လိုအပ်သကဲ့သို့ အရည်အသွေးကောင်း စားသုံးဆီများထုတ်လုပ်ရန် အဆင့်မီဆီစက်များလည်းလိုအပ်နေသဖြင့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်ဖွဲ့စည်းပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ကွင်းဆင်းစစ်ဆေး

ယင်းလုပ်ငန်းများ အောင်မြင်ရေးအတွက် ချေးငွေစိစစ်ကြီးကြပ်ရေးနှင့် စောင့်ကြည့်လေ့လာ သုံးသပ်ရေး (Monitoring and Evaluation) အဖွဲ့ခေါင်းဆောင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်သည် ယနေ့နံနက်ပိုင်းက အဖွဲ့ဝင်ဌာနဆိုင်ရာများနှင့်အတူ မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဆီစက်လုပ်ငန်းများကို ကွင်းဆင်း ကြီးကြပ်စစ်ဆေးသည်။

ပေါင်းစပ်ဆောင်ရွက်

အမြဲတမ်းအတွင်းဝန်နှင့်အဖွဲ့သည် အောင်လံမြို့ရွာထောင်ရပ်ကွက်ရှိ “မြေလတ်” ဆီစက်သို့သွားရောက်ပြီး ဆီစက်လုပ်ငန်းများလည်ပတ်နေမှုနှင့် ကုန်ကြမ်းသိုလှောင်ထားရှိမှု၊ ချေးငွေထုတ်ယူပြီးစီးမှု၊ ချေးငွေစီမံချက်ပါအတိုင်း ဆီစက်လုပ်ငန်းတွင် အမှန်တကယ် လိုက်နာသုံးစွဲမှု ရှိ/ မရှိတို့ကို ကြီးကြပ်စစ်ဆေးကာ လုပ်ငန်းအခက်အခဲများအပေါ် ဌာနဆိုင်ရာများနှင့်အတူ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်