နေပြည်တော် ဩဂုတ် ၂၉
အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဖြန့်ဝေပေးနိုင်ခဲ့
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်နယ်အစိုးရအဖွဲ့တို့နှင့်ပူးပေါင်းပြီး ရခိုင်ပြည်နယ်အတွင်းရှိ သဘာဝဘေးဒဏ်သင့်ဒေသများအတွက် ရွေ့လျားရေသန့်စင်ကားရှစ်စီးဖြင့် ရေဂါလန် ၁၂ ဒသမ ၅၃ သိန်း၊ မိုဘိုင်း ဆိုလာရေသန့်စင်စနစ် အခု ၂၀ ဖြင့် ရေဂါလန် သုညဒသမ ၆၄ သိန်း၊ Life Straw ရေသန့်စနစ်ဖြင့် ရေဂါလန် ၄ ဒသမ ၆၂ သိန်း စုစုပေါင်းသောက်သုံးရေဂါလန် ၁၇ ဒသမ ၇၉ သိန်းကို ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း၊ သောက်သုံးရေများ သယ်ယူရန် 20 Liter Bucket ရေပုံးများကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်း၊ ထို့အပြင် ရေကြီးရေလျှံမှုများကြောင့် ဆားငန်ရေများဝင်ရောက်ခဲ့သည့် မြေသားရေကန် ၂၃၃ ကန်ကိုလည်း ရေငန်များစုပ်ထုတ်ခြင်း၊ နုန်းအနည်အနှစ်များ စုပ်ထုတ်ခြင်းများဆောင်ရွက်ပေးခဲ့ကြောင်း၊ သောက်သုံးရေများအမြန်ရရှိရေး လက်တူးတွင်းများတူးဖော်ခြင်း၊ ရေစုကန်/ ရေစက်ရုံ၊ ရေစင်အမိုးများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ဌာနဘတ်ဂျက်နှင့် ယူနီဆက်ဘတ်ဂျက်တို့ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လတ်တလောဆောင်ရွက်ရမည့် ကျေးရွာချင်းဆက်လမ်းနှင့် တံတားများ၊ ကုန်ထုတ်လမ်းတံတားများ၊ မီးလင်းရေးလုပ်ငန်းများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို ယခုဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်လျက်ရှိပြီး အချို့လုပ်ငန်းများကိုလည်း လာမည့်ဘဏ္ဍာနှစ်တွင် လျာထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ပြန်လည်ထူထောင်ရေး လုပ်ငန်းများအဖြစ် သမဝါယမဦးစီးဌာနအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မိုးစပါးစိုက်ပျိုးထုတ်လုပ်ရေးစီမံကိန်း မြို့နယ် ၁၂ မြို့နယ်ရှိ သမဝါယမအသင်း ၄၃ သင်းမှ အသင်းသားတောင်သူများ၏ စိုက်ဧက ၆၁၁၈ ဧကအတွက် လိုအပ်သော GW-11 မျိုးစပါး (20 Kg) အိတ် ၅၅၁ အိတ်၊ အခြားစပါးမျိုး ၅၅၆၇ တင်း၊ ပုလဲဓာတ်မြေဩဇာ(50 Kg) ၄၂၃၆ အိတ်၊ ကွန်ပေါင်း/ တီစူပါ (50 Kg) အိတ် ၆၄၆၀ တို့ကို ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ပေါ်ဆန်းရင်မျိုးစပါး ၄၀၀၆၇ တင်း၊ GW-11 မျိုးစပါးတင်း ၂၁၅၀၀၊ နှံကောက်မျိုးစပါးတင်း ၇၈၃၀၊ ကြားပျံ မျိုးစပါးတင်း ၄၀၀၀ ထောက်ပံ့ပေးအပ်ခဲ့ရာ ယနေ့အထိ စိုက်ပျိုးဧက ၆၂၅၄၆ ဧကတွင် စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် ကျွဲ၊ နွားကောင်ရေ ၁၁၃၂၄ ကောင်ကို ကာကွယ်ဆေးများထိုးနှံပေးနိုင်ပြီး ကုသခြင်းအနေဖြင့် ကျွဲ၊ နွား၊ ဝက်ကောင်ရေ ၇၃၁ ကောင်ကို ကုသပေးနိုင်ခဲ့ကြောင်း၊ စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် မိုးစပါးများအချိန်မီစိုက်ပျိုးနိုင်ရေး စိုက်ပျိုးဧက ၁၉၉၂၉ ဧကကို ထွန်ယက်ပေးနိုင်ခဲ့ကြောင်း ပြောကြားသည်။
ဆက်လက်၍ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းလွင်နှင့် ကော်မတီဝင်များကဌာနအလိုက် ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ပျက်စီးဆုံးရှုံးသည့်လုပ်ငန်းများ၏ ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ သောက်သုံးရေပြတ်လပ်မှုမရှိစေရေးရေဖြန့်ဝေခဲ့မှု၊ ရေပေးရေးနှင့် ကျန်းမာသန့်ရှင်းရေးဆိုင်ရာ ထောက်ပံ့ရေးပစ္စည်း ဖြန့်ဝေထားရှိမှုအခြေအနေ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်မှုအခြေအနေ၊ မျိုးစပါးနှင့်သွင်းအားစုထောက်ပံ့ပေးနိုင်မှုအခြေအနေ၊ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ကွင်းဆင်းကြည့်ရှု
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ဧပြီ ၂၁ ရက်က လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့သော လယ်ဝေးမြို့နယ် တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက ကျေးရွာရှိ ရေတွင်းရေကန်များအား တွင်းဆေးတွင်းမှုတ်သန့်စင်ပေးနိုင်ခဲ့မှု၊ ရေသန့်စင်ကားဖြင့် ရက်ပေါင်း ၂၁ ရက်ကြာ သောက်သုံးရေများ ဖြန့်ဝေပေးခဲ့မှု၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေးခဲ့မှုနှင့်စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ကျေးရွာပြည်သူများက တင်ပြသည့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်