နေပြည်တော် ဩဂုတ် ၂၉
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းသွားလာရေးအဖွဲ့(IOM)မှ အကြီးအကဲ Mr. Dragan Aleksoski နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် IOM အဖွဲ့မှ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေသည့် မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ငှက်ဖျားရောဂါ၊ တီဘီရောဂါနှင့် ခုခံကျကာလသား ရောဂါကာကွယ်ကုသရေးလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ရွှေ့ပြောင်းလုပ်သား မိသားစုဝင်များ၏ ကလေးများအား အမီလိုက် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ ဝန်ကြီးဌာနနှင့် နားလည်မှုစာချွန်လွှာ သက်တမ်းတိုးဆောင်ရွက်နေသည့်ကိစ္စရပ်များ၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ကျန်းမာရေးလုပ်ငန်းများ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
သတင်းစဉ်