Skip to main content

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး ညီလာခံ ပထမနေ့ ကျင်းပ

နေပြည်တော် ဩဂုတ် ၁၉

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေး ညီလာခံပထမနေ့ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ ကျင်းပသည်။

ညီလာခံ ပထမနေ့ အစည်းအဝေးတွင် ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက ဦးဆောင်သဘာပတိအဖြစ် ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ ဝင်များအဖြစ် တာလှဖေ၊ ဒုတိယ ဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ပူးဇင်ကျုံးနှင့် ဒေါက်တာမေဝင်းမြင့်တို့က ဆောင်ရွက်ကြသည်။

အစည်းအဝေးတွင် ဦးဆောင်သဘာပတိ ဒေါက်တာတင်မျိုးဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ အစည်းအဝေးများကို ကျင်းပလာခဲ့သည်မှာ ယခု စတုတ္ထအစည်းအဝေးအထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် တတိယ အစည်းအဝေးနှင့် ယခုစတုတ္ထ အစည်းအဝေးအကြားတွင် အချိန်ကာလ အားဖြင့် (၂) နှစ်ခန့် ကြန့်ကြာခဲ့ရပါကြောင်း၊ ပြီးခဲ့သည့် ညီလာခံမှ ယနေ့ ညီလာခံအထိ ဖြတ် သန်းခဲ့ရသော ကြားကာလကို ပြန်ပြောင်းသုံးသပ်ကြည့်ပါက အခက်အခဲများ၊ စိန်ခေါ်မှုများ အများအပြားကို မိမိတို့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါကြောင်း၊ တရားဝင်အစည်းအဝေးများ ခေါ်ယူ နိုင်ခြင်းမရှိတော့သည့် အခြေအနေတစ်ရပ်ကို ကြုံတွေ့ခဲ့ရပါကြောင်း၊ အစုအဖွဲ့များအကြားတွင် ကွဲလွဲနေသော သဘောထားများကို ဆုံချက်တစ်ခုစီ ရောက်ရှိအောင် အလွတ်သဘော တွေ့ဆုံမှုများ၊ နှစ်ဖက် သီးသန့်အစည်း အဝေးများစသည့် ချဉ်းကပ်မှုမျိုးစုံကို မိမိတို့ ကြိုးပမ်း ခဲ့ရပါကြောင်း။

ညီလာခံစားပွဲဝိုင်းတွင် သဘောတူညီချက် မရရှိနိုင်သောကိစ္စရပ်များကို ဆုံးဖြတ်ချက်ချမှတ်နိုင်သည့် ခေါင်းဆောင်များအဆင့်တွင် တွေ့ဆုံဆွေးနွေးပြီး အကျပ်အတည်းကို ဖြေရှင်းနိုင်အောင် Ten Plus Ten Meeting အပါအဝင် ဖြေရှင်းနိုင်မည့် နည်းလမ်းမှန်သမျှ ကျင့်သုံးဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံရေး စားပွဲဝိုင်းသာမက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် တပ်ပိုင်း ဆိုင်ရာကိစ္စရပ်များတွင်ပါ ရှေ့ဆက်နိုင်မည့်လမ်းကြောင်းပေါ်ကို ရောက်ရှိလာအောင် အချိန်ပေးပြီး စိတ်ရှည် လက်ရှည် ကျေကျေလည်လည် ဆွေးနွေးညှိနှိုင်းခဲ့ရခြင်းဖြစ်ပါကြောင်း။

မိမိတို့ ဆွေးနွေးဖက်များအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရန် မည်သို့အကောင်းဆုံး ဖန်တီးကြမည်ကို ခေါင်းချင်းရိုက် ညှိနှိုင်းတိုင်ပင်ခဲ့ကြခြင်း ဖြစ်ပါကြောင်း၊ ယင်းနေရာတွင် သင်ခန်းစာတစ်ခု ရရှိလိုက်သည်မှာ အတက် - အကျ၊ အနိမ့် - အမြင့် များလှသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် မည်သို့ အခက်အခဲမျိုး ကြုံတွေ့လာရပါစေ၊ တွေ့ဆုံဆွေးနွေးရေးနှင့် စေ့စပ်ညှိနှိုင်းရေးလမ်းကြောင်းကို ပျောက်မသွား‌အောင် ဆောင်ရွက်ရေးပင်ဖြစ်ပါကြောင်း၊ မည်မျှသဘောထားကွဲကွဲ၊ မည်သို့သော အကျပ်အတည်းများ ကြုံကြုံ မိမိတို့အစုအဖွဲ့များအကြား တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း အမြဲရှိနေပါက အချိန်ကာလ တစ်ခုအတွင်း လမ်းကြောင်းမှန် ပေါ်ပြန်ရောက်လာမည်ကို နားလည်ထားကြရန် အရေးကြီး ပါကြောင်း။

အားလုံးလက်ခံနိုင်မည့် ကမ်းလှမ်းချက်တစ်ခုဖြစ်သည့် Ways Forward for Peace Process ကို ၂၀၁၉ ခုနှစ် ဇွန်လ ၁၃ ရက်တွင် အစိုးရဘက်က စတင် ကမ်းလှမ်းခဲ့ပါကြောင်း၊ အစိုးရ၏ကမ်းလှမ်းချက်ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ အပြုသဘောနှင့် လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပါ ကြောင်း၊ ယင်းနောက် ၂၀၁၉ ခုနှစ် အောက်တိုဘာ လ ၂၈ ရက်တွင် ကျင်းပပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) (၄)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်(၃)ရပ်နှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူ(၅)ချက်ကို အဖွင့်မိန့်ခွန်းတွင် ထုတ်ပြန်ကြေညာခဲ့ပါကြောင်း။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ထုတ်ပြန်ကြေညာခဲ့သည့် ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်(၃)ရပ်တွင် ပါဝင်လာသည့် ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း(၃)၌ ပါဝင်မည့် အကြောင်းအရာများနှင့် ဖက်ဒရယ်မူ (၅)ချက်တို့သည် ကာလရှည်ကြာရပ် ဆိုင်းနေခဲ့ရသော ဆွေးနွေးပွဲများကို ပြန်လည်စတင် နိုင်ခဲ့ပြီး တရားဝင်အစည်းအဝေးများ ပြန်လည်ခေါ် ယူနိုင်သည့် အခြေအနေကို ရောက်ရှိလာခဲ့ပါကြောင်း၊ ထို့နောက် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၈ ရက်တွင် (၈) ကြိမ်မြောက် JICM အစည်းအဝေးကို ခေါ်ယူနိုင်ခဲ့ပြီး ဆုံးဖြတ်ချက် (၈)ချက်ကို ချမှတ်နိုင်ခဲ့ပါကြောင်း၊ ယင်းနောက် UPDJC နှင့် JMC အစည်းအဝေးများ ပြန်လည်စတင်နိုင်ခဲ့ပြီး ယနေ့တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ၊ စတုတ္ထအစည်းအဝေးကို ကျင်းပနိုင်သည့် အနေအထားအထိ ရောက်ရှိခဲ့ပါကြောင်း။

နိဂုံးချုပ်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ငြိမ်းချမ်းရေးသာမက ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအထိပါ အဓိကကျသည့်အတွက် မိမိတို့အနေဖြင့် ရှေ့ကိုအများ ကြီး ကြိုးပမ်းအားထုတ်ကြရဦးမည်မှာ သေချာနေပါကြောင်း၊ မိမိတို့သည် မတူညီသော အစုအဖွဲ့များ၊ မတူညီသည့် ဖြတ်သန်းမှုများ၊ မတူညီသည့် နောက်ခံများနှင့် ယခုညီလာခံ ခန်းမကြီးထဲကို ရောက်ရှိလာခဲ့ကြသော်လည်း တူညီသည့်အချက်မှာ ဒီမိုကရေစီ ဖက်ဒရယ် ပြည်လောင်စု တည်ဆောက်ရေးအတွက် မဆုတ်မနစ် ဖော်ဆောင်လိုသည့် မိမိတို့၏ သန္နိဋ္ဌာန်နှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအပေါ်ထားရှိသော မိမိတို့၏ စိတ်ရင်း စေတနာများဟု ပြောနိုင်ပါကြောင်း၊ တိုင်းရင်းသားပြည်သူအပေါင်း မျှော်လင့်တောင့်တလျက်ရှိသည့် ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းနိုင်အောင် ဆက်လက်ကြိုးပမ်းဆောင် ရွက်ပေးကြရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC)၏ လုပ်ငန်းအစီရင်ခံစာကို UPDJC ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်း ဆာခေါင်းက လည်းကောင်း၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)၏ လုပ်ငန်းအစီရင်ခံစာကို အရပ်သားကိုယ်စားလှယ်(JMC-U)အလှည့်ကျ ဒုတိယ ဥက္ကဋ္ဌ စောမက်သယူးအေးကလည်းကောင်း ရှင်းလင်းတင်ပြ ကြသည်။

ဆက်လက်၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးသို့ တင်းသွင်းမည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) အကောင်အထည် ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက် အဆိုပြုလွှာကို ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦးက လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည်ဖော်မှု (ဇယား-၁) အဆိုပြုလွှာကို ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဒုတိယခေါင်းဆောင်၊ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် စောမြရာဇာလင်းက လည်းကောင်း၊ ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ အဆိုပြုလွှာကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) တွဲဖက်အထွေ ထွေအတွင်းရေးမှူး၊ UPDJC အတွင်း ရေးမှူးအဖွဲ့ဝင် စိုင်းကျော်ညွန့်က လည်းကောင်း ညီလာခံပထမနေ့ အစည်းအဝေးသို့ တင်သွင်းကြသည်။

ထို့နောက် ညီလာခံရက်အလိုက် အစီအစဉ်နှင့် ကျင်းပမည့်ပုံစံကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပြုံးချို(ခ) ဦးဌေးဝင်းအောင်က လည်းကောင်း၊ ညီလာခံ ကိုယ်စားလှယ်များ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို ဗိုလ်ချုပ်စိုးနိုင်ဦးကလည်းကောင်း ဖတ်ကြား တင်သွင်းကြသည်။

ယင်းနောက် ညီလာခံ သဘာပတိအဖွဲ့ဝင် တာလှဖေက ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ညီလာခံပထမနေ့ အစီအစဉ်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)၏ လုပ်ငန်းအစီရင်ခံစာနှင့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U)၏ လုပ်ငန်းအစီရင်ခံစာများကို သက်ဆိုင်ရာကော်မတီ အသီးသီးက တာဝန်ရှိစွာ ဆောင်ရွက်ချက် အပြည့်အစုံကို တင်ပြသွားကြပြီဖြစ်ပါ ကြောင်း။

ညီလာခံ၏ အဓိကလုပ်ငန်းတာဝန်ဖြစ်သည့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)ကို အတည်ပြု ချုပ်ဆိုနိုင်ရေးအတွက် အဆိုပြုထားပြီး ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူညီချက် ၁၅ ချက်၊ ၂၀၂၀ ပြည့်နှစ်အလွန် အဆင့်လိုက် အကောင်အထည်ဖော်မှု (၈)ရပ်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုတည် ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူ (၅)ရပ်တို့ကို အပိုင်း လိုက် အဆိုပြုချက်များ တင်သွင်းသွားကြပြီဖြစ်ပါကြောင်း၊ ယင်းအဆိုပြုတင်ပြချက်များသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ စဉ်ဆက်မပြတ် ရှင်သန်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုကြီးဖြစ်ထွန်းရေးအတွက် မဆုတ်မနစ် အရှိန်အဟုန် အားကောင်းစွာဖြင့် ကြိုးပမ်းဖော်ဆောင် သွားကြရမည့် ပြည်ထောင်စုသားအားလုံး၏ ဘုံလုပ်ငန်းစဉ် တစ်ရပ်ဖြစ်သည်ဟု တင်ပြလိုပါကြောင်း။

ထို့ကြောင့် ယခုညီလာခံကြီးက အတည်ပြုချမှတ်ပြီးသည်နှင့် ပြည်ထောင်စု သဘောတူ ညီချက်များကို ပြည်ထောင်စုကြီးနှင့် ပြည်ထောင်စုသားများ၏အကျိုး ဦးတည် ရည်မှန်းပြီး ဖော်ဆောင်ကြရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ကြရာတွင် တိုင်းရင်းသား စည်းလုံးညီညွတ်မှု အခြေပြုပြီး ပြည်ထောင်စုသား အားလုံး၏ စည်းလုံးညီညွတ်ရေးကို ထပ်ဆင့်အခြေပြု၍ စဉ်ဆက်မပြတ် တည်ဆောက်သွားရမည်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်ရေး နှင့်အတူ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းရေးကို တပြိုင်တည်း ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ တာဝန်ယူ ဆောင်ရွက်ကြမည့် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံရေး၊ နည်းပညာ၊ အတွေ့အကြုံများနှင့် ညှိနှိုင်း ဆက်စပ်ဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ အချိန်ကာလအလိုက် လုပ်ငန်းစဉ်များ မပြတ်မလပ် ချိတ်ဆက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုကို လိုချင်တပ်မက်သည့်စိတ်ထား လူတိုင်းကိုယ်စီတွင် အသွေးအသားထဲက အမှန်တကယ် ပြင်းပြခဲ့မည်ဆိုပါက ငြိမ်းချမ်းရေး နှင့် ဖက်ဒရယ်ပန်းတိုင်သည် မသွားခင်က ရောက်နှင့်မည်ဖြစ်သည်ကို တင်ပြလိုပါကြောင်း၊ ငြိမ်းချမ်းရေးကို လိုချင်သယောင် ဟန်ဆောင်ပြောဆိုပြီး အတ္တ၊ မာန်မာနများ ရှိနေကြဦးမည် ဆိုသည့် မေးခွန်းမရှိရလေအောင် မိမိတို့အားလုံးက သတိကြီးစွာ ထားကြရမည်ဖြစ်ပါ ကြောင်း၊ ယနေ့တင်ပြသွားသည့် ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်း(၃)ကို ညီလာခံကြီးက အတည်ပြုချမှတ်ပြီးသည်နှင့် ညီလာခံကြီး၏ အရှိန်အဟုန်ကိုအခြေခံပြီး ပြည်ထောင်စု တစ်ဝန်းလုံး နေရာဒေသအနှံ့ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ဖြစ်ထွန်းမှုနှင့်အတူ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ထွန်းရေး လုပ်ငန်းစဉ်တိုင်း တွင် အချင်းချင်းအပြန်အလှန် ယုံကြည်မှုပြည့်ဝစွာဖြင့်အတူတကွ စွမ်းဆောင်သွားကြစေလိုပါကြောင်း ပြောကြားပြီး ညီလာခံပထမနေ့ အစည်းအဝေး အောင်မြင်စွာကျင်းပ ပြီးစီးသည်။

(သတင်းစဉ်)