နေပြည်တော် ဩဂုတ် ၁၉
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးလှကျော်နှင့် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ဆွေးနွေးကြသည်။
ရှေးဦးစွာ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့် လုပ်ငန်းများအား ဖတ်ကြားတင်ပြပြီး လုပ်ငန်း အကြောင်းအရာ တစ်ခုချင်းအပေါ် ဆွေးနွေးဆောင်ရွက်ကြသည်။
အစည်းအဝေးတွင် နိုင်ငံတော်၏ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရန် သိမ်းယူခဲ့သည့် လယ်ယာ မြေများအတွက် ဘဏ္ဍာနှစ်အလိုက် လျော်ကြေး၊ နစ်နာကြေး ပေးချေရမည့်ကိစ္စ၊ လယ်မြေအား အခြားနည်းဖြင့် အသုံးပြုခွင့် လျှောက်ထားလာသည့် ကိစ္စရပ်များကို လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များအရ လည်းကောင်း၊ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ၂၀၁၃ ခုနှစ် မေ (၁၆) ရက် ရက်စွဲပါ စာဖြင့် စိစစ်ရန်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အရ လည်းကောင်း၊ ကိုက်ညီ မှန်ကန်မှု ရှိ/မရှိ စိစစ်ဆောင်ရွက် ပြီးနောက် ကိုက်ညီ မှန်ကန်မှုရှိပြီး ပြည့်စုံစွာ တင်ပြလာသည့် လယ်ယာမြေ ဥပဒေပုဒ်မ ၃၀ (က)အရ လယ်ယာမြေ အခြားနည်း သုံးစွဲခွင့် လုပ်ငန်း စာတွဲများနှင့် ပတ်သက်၍ လည်းကောင်း၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲ ရေးလုပ်ငန်းအဖွဲ့တို့မှ ခွင့်ပြုထားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းကို လယ်ယာမြေ အဖြစ် သတ်မှတ်ပေးရန် လယ်ယာမြေ ဥပဒေ ပုဒ်မ ၃၄ နှင့် လယ်ယာမြေ နည်းဥပဒေ ၃၅၊ ၃၆ တို့အရ လျှောက်ထားလာသည့် အမှုတွဲ (၃)တွဲနှင့် ပတ်သက်၍ ခွင့်ပြုရန် သင့်/မသင့် ကိစ္စရပ်များကို လည်းကောင်း၊ ဆွေးနွေး စိစစ်အတည်ပြုခြင်း၊ သက်ဆိုင်ရာ ကော်မတီသို့ ပြန်လည် ပေးပို့ရေးဆိုင်ရာများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)