ယခုနှစ်မေလအတွင်း ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရှေးဟောင်းဘုရားနှင့် အဆောက်အအုံအချို့တို့တွင် ရေဝင်ရောက်မှုနှင့် ထိခိုက်ပျက်စီးမှုများ အနည်းငယ်ဖြစ်ပေါ်ခဲ့သည်။ သက်တမ်းနှစ်ပေါင်း ၁၀၀၀ ခန့် ကြာမြင့်ခဲ့ပြီဖြစ်သော ရှေးဟောင်းစေတီပုထိုး၊ ဂူကျောင်းအဆောက်အအုံများစွာတို့မှာ ခေတ်အဆက်ဆက်မှ လူသားတို့၏ ပယောဂများနှင့် ရာသီဥတုဒဏ်၊ သဘာဝဘေးအန္တရာယ်များကြောင့် မူလတည်ရှိခဲ့သော အရေအတွက်၏ ထက်ဝက်ခန့် လျော့နည်းသွားခဲ့ပြီဖြစ်သည်။
အနော်ရထာမင်းကြီးလက်ထက် ပုဂံကိုဗဟိုပြု၍ နိုင်ငံတော်ကြီး စည်ပင်ထွန်းကားခဲ့ရာတွင် သုဝဏ္ဏဘူမိဒေသမှ ထေရဝါဒဗုဒ္ဓသာသနာတော် ရောက်ရှိလာခြင်းနှင့်အတူ မင်းနှင့်တကွ ပြည်သူတို့၏ ထက်သန်လှစွာသော သဒ္ဓါတရား၊ ပြည့်စုံကြွယ်ဝသည့် ဓနအင်အား၊ အိန္ဒိယအရှေ့ပိုင်းမှ ရောက်ရှိလာသည့် အနုပညာ၊ အတတ်ပညာများ ပေါင်းစပ်ကာ ပုဂံဒေသတွင် အံ့မခန်းဖွယ်ရာ ယဉ်ကျေးမှုအမွေအနှစ် ဗိသုကာလက်ရာများ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု ပညာရှင်တို့က မိန့်ဆိုထားသည်။ ပုဂံဒေသ၏ ပတ်လည် မိုင် ၂၀ ခန့် အကျယ်အဝန်းနယ်နိမိတ်အတွင်း ပုဂံခေတ်တစ်လျှောက် စေတီပုထိုး ဂူကျောင်း အဆောက်အအုံပေါင်း ၅၀၀၀ ခန့် တည်ထားခဲ့သည်ဟု ခန့်မှန်းခဲ့ကြရာ နှစ်ပေါင်း ၁၀၀၀ ခန့်ကာလအတွင်း အရေအတွက် မည်မျှပျက်စီးယိုယွင်း ပျောက်ကွယ်သွားခဲ့ပြီဆိုသည်ကို ကျန်ရှိနေသည့် သာသနိက အဆောက်အအုံများမှတစ်ဆင့် ခန့်မှန်းနိုင်ကြမည်ဖြစ်သည်။
မြန်မာ့ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံသည် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ခဲ့သည်။ ဘုရားတစ်ဆူချင်းအနေဖြင့်မဟုတ်ဘဲ ပုဂံဒေသတစ်ခုလုံးကို ယူနက်စကိုကမ္ဘာ့ယဉ်ကျေးမှုကော်မတီဝင် ၂၁ နိုင်ငံက ကန့်ကွက်မှုမရှိဘဲ အတည်ပြုခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်လာသည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းမှ ဟိုတယ်များ၊ စီးပွားရေးဆိုင်ရာ အဆောက်အအုံများ၊ လူနေအိမ်များမှာလည်း ကာလသတ်မှတ်ချက်ဖြင့် ဖယ်ရှားပေးရမည်ဖြစ်သကဲ့သို့ ရှေးဟောင်းအမွေအနှစ်များ နောက်ထပ်မပျက်စီးစေရန်အတွက်လည်း ဒေသခံပြည်သူများအပါအဝင် နိုင်ငံသူ နိုင်ငံသားအားလုံးက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်လာသည်။ နှစ်ကာလကြာရှည်စွာ တည်ရှိလာခဲ့သည့် ရှေးဟောင်းဘုရားပုထိုးအဆောက်အအုံများသည် မြေငလျင်နှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကဲ့သို့သော သဘာဝဘေးအန္တရာယ်များကြောင့် ပြိုကျပျက်စီးမှုများ ဖြစ်ပေါ်လေ့ရှိရာ ရေရှည်တည်တံ့ရေးနှင့် မူလတန်ဖိုးများ ပျက်စီးယိုယွင်းမှု မဖြစ်ပေါ်စေရေးတို့အတွက် ခေတ်မီနည်းပညာများနှင့် ပေါင်းစပ်ဆောင်ရွက်သွားရမှာလည်း ဖြစ်သည်။
နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်မှုကြောင့် ရေဝင်၊ ရေဝပ်မှုနှင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ပြုပြင်ထိန်းသိမ်းထားရှိမှုအခြေအနေများကို ဩဂုတ် ၂၇ ရက်က သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားရာတွင် “တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းလက်ရာများကို ထိန်းသိမ်းရာတွင် စနစ်တကျနှင့် ရေရှည်တည်တံ့အောင် ထိန်းသိမ်းရန်လိုပြီး သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုများမရှိစေရေး လိုအပ်သည့် ပြုပြင်ဆောင်ရွက်မှုများကို တာဝန်ရှိသူများက အမြဲမပြတ်စစ်ဆေး ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊”ထည့်သွင်းပြောကြားခဲ့ပြီး “ပြုပြင်ထိန်းသိမ်းမှုအပေါ်မူတည်၍ ရေရှည်တည်တံ့ခိုင်မြဲမှုကို ဖြစ်ပေါ်စေမည်ဖြစ်သဖြင့် မူလလက်ရာကို မထိခိုက်စေဘဲ ခေတ်မီနည်းပညာများ အသုံးပြုထိန်းသိမ်းဆောင်ရွက်ကြရမည်ဖြစ် ကြောင်း”မှာကြားခဲ့သည်။
ပုဂံသည် မြန်မာနိုင်ငံ၏ ဂုဏ်ဒြပ်တစ်ခုဖြစ်ပြီး တစ်မျိုးသားလုံးနှင့်ဆိုင်သည့် ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သကဲ့သို့ လူသားတို့အတွက် ကမ္ဘာ့အမွေအနှစ်လည်းဖြစ်သည်။ သက်တမ်းကြာမြင့်ခဲ့ပြီဖြစ်သည့် ယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့နိုင်ရေး ထိန်းသိမ်းစောင့်ရှောက်ကြရာတွင် တာဝန်ရှိသူများ၊ ပညာရှင်များသာမက ပြည်သူတစ်ရပ်လုံးကပါ မိမိတို့၏အမွေအနှစ်ကို ချစ်မြတ်နိုးစိတ်ဖြင့် တစ်တပ်တစ်အား ပါဝင်ကြရမည်ဖြစ်ပါကြောင်း။ ။
မြန်မာ့အလင်းအယ်ဒီတာ့အာဘော်