(ယမန်နေ့မှအဆက်)
နိုင်ငံတော်အကြီးအကဲအနေဖြင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများကိုမှာကြားရာတွင် “စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် MSME စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းရှိလိုအပ်သော အခြေခံစားသောက်ကုန်ပစ္စည်းများကို ပြည်တွင်း၌ အလုံအလောက်ထုတ်လုပ်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ချည်မျှင်နှင့်အထည်အလိပ်များ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ရော်ဘာအခြေခံထုတ်ကုန်ပစ္စည်း လိုအပ်ချက်များကို နှစ်စဉ်ပြည်ပမှ တင်သွင်းနေရကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ နွားမွေးမြူရေး၊ ဝါနှင့်ရော်ဘာစိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်ပြီး ပြည်ပသို့ ကုန်ကြမ်း (Raw Material) တင်ပို့ခြင်းထက် ပြည်တွင်း၌ တန်ဖိုးမြှင့်ထုတ်ကုန်များ (Value Added) တင်ပို့ထုတ်လုပ်နိုင်မည်ဆိုပါက သွင်းကုန်ပမာဏကို လျှော့ချနိုင်မည်ဖြစ်သကဲ့သို့ ပိုလျှံသည်များကို ပြည်ပသို့ တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ပြည်ပသွင်းကုန်များကို အတတ်နိုင်ဆုံးလျှော့ချနိုင်မည်ဆိုလျှင် FESC အနေဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုကို အားပေးနိုင်မည်ဖြစ်သကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း များစွာဖော်ဆောင်ပေးနိုင်မည် ဖြစ်သောကြောင့် အောင်မြင်အောင်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း” မှာကြားခဲ့ကြောင်း၊ ရော်ဘာထုတ်လုပ်မှုနှင့် ပတ်သက်၍ ရော်ဘာများဆိုလျှင် တင်သွင်းသည့် Item များတွင် ကားတာယာအစရှိသည်များ ပါဝင်ကြောင်း၊ ကားတာယာကြီးများကို မထုတ်လုပ်နိုင်သေးလျှင် ပြည်တွင်း၌ မော်တော်ဆိုင်ကယ်၊ စက်ဘီး၊ သုံးဘီးတာယာအစရှိသဖြင့် ထုတ်လုပ်၍ အစားထိုးသွင်းကုန်အနေဖြင့် ထုတ်လုပ်နိုင်ခြင်းအားဖြင့် Import Substitution သွင်းကုန်သွင်းရမည့်ပမာဏများ နည်းသွားမည်ဖြစ်ကြောင်း၊ MSME ၏ ထုတ်ကုန်များလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ကျေးလက်နှင့်မြို့ပြ၏ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းနိုင်မည်ဖြစ်သောကြောင့် ပြည်တွင်းထွက်ကုန်ကြမ်းများနှင့် MSME များ၏ ဖွံ့ဖြိုးမှုကြားကိုချိတ်ဆက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း ပြောကြားသည်။
ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်
ထို့အတူ စီးပွားရေးဦးတည်ချက်၏ တတိယအချက်တွင် “ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်၍ ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိစေရန်ဆောင်ရွက်ပြီး နိုင်ငံအတွင်းဖူလုံမှုမှသည် ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး”ဟူ၍ ချမှတ်ထားကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲအနေဖြင့် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာများကို ပန်းတိုင်အထွက်နှုန်း ပြည့်မီအောင်ဆောင်ရွက်ရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆီထွက်သီးနှံစိုက်ပျိုးမှု လျာထားချက်ဧကကို ပြည့်မီအောင်ဆောင်ရွက်နိုင်စေရေးနှင့် အထွက်နှုန်း ပြည့်မီရေးတို့ကို ကြိုးစားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း၊ စိုက်ပျိုးရေးတွင် Extensively နှင့် Intensively ဆိုပြီး ဧကတိုးချဲ့စိုက်ပျိုးခြင်းသည် Extensive ဖြစ်ကြောင်း၊ စိုက်ပျိုးဧကများတွင် သီးထပ်သီးညှပ်နှင့်အတူ မနားဘဲစိုက်ပျိုးသည့် အနေအထားများသည်လည်း အထွက်နှုန်းများကို တိုးတက်စေမည်ဖြစ်ကြောင်း၊ နည်းပညာ၊ မျိုးကောင်းမျိုးသန့်နှင့် ရေရရှိမှုများကို ပေါင်းစပ်လျှင် စားသုံးဆီဖူလုံမှုကို ပို၍အကျိုးရှိစေမည်ဖြစ်ကြောင်း၊ ဥပမာအနေဖြင့် အင်ဒိုနီးရှားနိုင်ငံသည် စားအုန်းဆီထုတ်လုပ်သော်လည်း ကိုယ်တိုင်မစားသုံးကြောင်း၊ ၎င်းတို့သည် ယူကရိန်းဘက်မှနေကြာဆီကို တင်သွင်းစားသုံးကြကြောင်း၊ ၎င်းတို့ထုတ်သည့် စားအုန်းဆီများကို မိမိတို့နိုင်ငံသို့ရောင်းချကြောင်း၊ သို့သော် ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် အင်ဒိုနီးရှားနိုင်ငံသို့ စားသုံးဆီများ တင်သွင်းရသည့်အခါတွင် တင်သွင်းမှုခက်ခဲသောကြောင့် မိမိတို့နိုင်ငံသို့လည်း စားအုန်းဆီတင်ပို့မှုကို ရပ်လိုက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင် စားအုန်းဆီဈေးနှုန်းများ ဈေးတက်ရခြင်းဖြစ်ကြောင်း၊ မိမိဆိုလိုသည်မှာ ပြည်တွင်းထုတ်လုပ်မှုကို အောင်မြင်သေချာအောင် ထုတ်လုပ်မှသာလျှင် အခြားနိုင်ငံများကို မှီခိုအားထားရသည့် ကိစ္စရပ်များ လျော့ကျသွားမည်ဖြစ်ကြောင်း၊ အာဆီယံစီးပွားရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာနိုင်ငံမှ အာဆီယံစီးပွားရေးဝန်ကြီးက အင်ဒိုနီးရှားအနေဖြင့် ဤကဲ့သို့ မလုပ်သင့်ကြောင်း၊ ဒေသတွင်းနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံမှ အရေးကြီးကုန်စည်ကို တင်သွင်းနေရသောကြောင့် ဒေသတွင်း၌ Share လုပ်ပြီး ဆောင်ရွက်သင့်သည်ကို ဆွေးနွေးခဲ့ကြောင်း၊ ထိုအချိန်တွင် စင်ကာပူ၊ ဘရူနိုင်းတို့မှ စီးပွားရေးဝန်ကြီးများက ၎င်းတို့သည်လည်း တင်သွင်းစားသုံးသည့် နိုင်ငံများဖြစ်သောကြောင့် အလားသဏ္ဌာန်တူစွာ ထောက်ခံဆွေးနွေးခဲ့ကြကြောင်း ပြောကြား သည်။
အခြေခံကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်
နိုင်ငံများသည် မိမိတို့အကျိုးစီးပွားကို ပိုဦးစားပေးကြကြောင်း၊ မိမိနိုင်ငံအခက်အခဲဖြစ်တော့မည်ဆိုပါက ပုံမှန်တင်သွင်းနေသည်များကို လျှော့ခြင်း၊ ရပ်ပစ်ခြင်းများရှိကြောင်း၊ ထို့ကြောင့် မိမိတို့ပြည်တွင်းထုတ်လုပ်မှုတွင် မိမိစားသုံးမှုကို ဖူလုံအောင်ထုတ်လုပ်နိုင်ခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း၊ ထို့ကြောင့် မူဝါဒကိစ္စရပ်များသည် FESC တွင် နိုင်ငံခြားငွေစီမံခန့်ခွဲမှုများကိုလည်း တင်သွင်းမှုကိစ္စရပ်၊ တင်ပို့မှုကိစ္စရပ်များသည် ငွေစီးဝင်လာမှုနှင့်စီးထွက်လာမှုကို ပြဋ္ဌာန်းပေးနေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် FESC အနေဖြင့် နိုင်ငံတော်၏မူဝါဒများနှင့်အညီ ဆက်စပ်ချိတ်ဆက်ဆောင်ရွက်သည့် အနေအထားကို မိမိအနေဖြင့် တင်ပြခြင်းဖြစ်ကြောင်း၊ မိမိရှေ့က မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ရှင်းလင်းပြောကြားသွားသည့်အတိုင်း Online Platform နှင့် အမေရိကန်ဒေါ်လာကို ရောင်းချပေးရာတွင် ရောင်းသူများ (Sellers) နှင့် ဝယ်သူများ(Buyers) Online တွင် ဆောင်ရွက်ကြခြင်းကြောင့် ဈေးကွက်၌ပို၍ အဆင်ပြေချောမွေ့သည့် အနေအထားမျိုး ဖြစ်လာကြောင်း၊ ထို့ကြောင့် FESC မှ ခွင့်ပြုပေးလိုက်သည့် လိုင်စင်များအတွက်ဆိုလျှင် အထူးသဖြင့်မိမိရှေ့ကပြောခဲ့သည့် ဆီနှစ်ဆီဖြစ်ကြောင်း၊ နိုင်ငံတော်ကပံ့ပိုးပေးထားသည့် Rate အပြင်အမြင့်ဆုံးဝယ်ရသည့် Rate သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ Online Platform ဖြင့် ရောင်းချပေးနေသည့် အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၂၉၂၂ ကျပ် Rate ဖြင့်သာ ဝယ်ယူရခြင်းဖြစ်ကြောင်း၊ ဈေးကွက်ထဲ၌ပြောနေသည့်အတိုင်း တစ်ဒေါ်လာလျှင် ၃၀၀၀ ကျပ်ကျော်၊ ၄၀၀၀နီးပါးဖြစ်သည်ကို ကြားသိရကြောင်း၊ ၃၀၀၀ ကျော် ဈေးနှုန်းဖြင့် ဝယ်ထားခြင်း မဟုတ်ကြောင်း၊ ဈေးနှုန်းအဆမတန်မြင့်တက်လာစေရန် လှုံ့ဆော်လိုသည့် ဝိသမလောဘနှင့်အတူဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သင့်တင့်မျှတသည့် အမြတ်ရရှိရန်လိုကြောင်း၊ သမာသမတ်ကျစေလိုကြောင်း၊ အထူးသဖြင့် ဝင်ငွေ Limit ဖြစ်နေသည့် လူအများစု၊ အိမ်ထောင်စုများအတွက် အရေးကြီးသော အခြေခံကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန်လိုကြောင်း၊ FESC အနေဖြင့် ဈေးနှုန်းတည်ငြိမ်စေလိုကြောင်း၊ အထူးသဖြင့်ဈေးနှုန်းတည်ငြိမ်ရေး၊ ဈေးကွက်တည်ငြိမ်ရေးကိုရည်မှန်းပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဈေးနှုန်းများကျလျှင် ထုတ်လုပ်သူများရှုံးမည်ဖြစ်ပြီး ဈေးနှုန်းများစွာတက်လျှင်လည်း စားသုံးသူများအတွက် မကောင်းကြောင်း၊ ထို့ကြောင့် ဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်စေရန် အရေးကြီးကြောင်း၊ ထို့ကြောင့် မိမိတို့ FESC ကော်မတီအနေဖြင့် ဈေးနှုန်းတည်ငြိမ်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
စီးပွားရေးမူဝါဒများနှင့်အညီ ချိတ်ဆက်ဆောင်ရွက်
ထို့ကြောင့် ယနေ့တင်ပြမှုသည် FESC ၏ ဆောင်ရွက်မှုအခြေအနေ၊ နိုင်ငံတော်၏စီးပွားရေး မူဝါဒများနှင့်အညီ ချိတ်ဆက်ဆောင်ရွက်နေမှု အခြေအနေ၊ သာမန်အမြတ် (Normal Profit) အနေအထားကို လက်ခံနိုင်သော်လည်း စီးပွားရေးကဏ္ဍတွင် ဝိသမလောဘကို ရှေ့တန်းမတင်ဘဲ ကျင့်ဝတ်များနှင့်အညီ ပူးပေါင်းဆောင်ရွက်မည့် ပုဂ္ဂလိကကဏ္ဍနှင့် စီးပွားရေးအသိုက်အဝန်းတို့ လိုအပ်ပါကြောင်း၊ မိမိအနေဖြင့် ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်တွင် တာဝန်ထမ်းဆောင်ခဲ့သည့်အတွက် အတွေ့အကြုံတစ်ခုအနေဖြင့် ကျန်ခဲ့သည့်နှစ်များတွင် စီးပွားရေးလုပ်ငန်းရှင်များသည် အကြီးအကဲများနှင့်တွေ့ဆုံလျှင် မိမိတို့အစည်းအဝေးများ တက်ရကြောင်း၊ အကြီးအကဲများအနေဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်း၊ ပြည်တွင်း ထုတ်လုပ်မှုလုပ်ငန်းများကို Protection ကာကွယ်ပေးစေလိုကြောင်း၊ ပြည်ပမှတင်သွင်းလာသည့် ကုန်ပစ္စည်းများကို မယှဉ်ပြိုင်နိုင်ခြင်း စသည်တို့ကိုလည်း အကြီးအကဲများကို ပြန်လည်တင်ပြလေ့ရှိကြောင်း၊ ယခုအချိန်သည် စီးပွားရေးလုပ်ငန်းရှင်များအတွက် အကောင်း ဆုံးအချိန်ဖြစ်ကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုလုပ်ငန်းများကို တွန်းအားပေးခြင်း၊ MSME ကဏ္ဍများကို ဦးစားပေးခြင်း၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများကို သွင်းကုန်အစားထိုးရန် အကောင်းဆုံးအခြေအနေဖြစ်ကြောင်း၊ ထို့ကြောင့် မူဝါဒအရအားပေးနေသည့် အခြေအနေများတွင် ဆောင်ရွက်ခြင်းအားဖြင့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ရင်းနှီးမြှုပ်နှံမှုများကို ထုတ်လုပ်နိုင်စွမ်းရှိသည့် ရင်းနှီးမြှုပ်နှံမှုအဖြစ်သို့ ကူးပြောင်းစေမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက ပုဂ္ဂလိကကဏ္ဍများတွင် ရွှေဈေးကွက်၊ မြေဈေးကွက်၊ ကားဈေးကွက်၌ လှည့်ပတ်နေသည့် အရင်းအနှီးအလုံးအရင်းတစ်ခုသည် အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစားဖြစ်နေကြောင်း၊ ထိုလှိုင်းဂယက်ကြီးထဲတွင် လိုက်ပါစီးဆင်းနေသည့် အနေအထားဖြစ်ကြောင်း၊ ထိုအနေအထားမျိုးမဟုတ်ဘဲ Protective ဖြစ်ပြီး ထုတ်လုပ်နိုင်စွမ်းရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ဆောင်ရွက်ခြင်းအားဖြင့် ယခုကဲ့သို့ ဈေးကစားခြင်းများသည် Absorb ဖြစ် သွားမည်ဖြစ်ကြောင်း၊ အရင်းအနှီးအလုံးအရင်းကြီးတစ်ခုကို အားမနေစေရန်၊ ပို၍ Protective ဖြစ်စေရန် ဆောင်ရွက်နိုင်သည့် အနေအထားမျိုးကိုလည်း ဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့ကြောင့် ဈေးကွက်နှင့်ဈေးနှုန်း တည်ငြိမ်စေရန်၊ နိုင်ငံတော်နှင့် ပြည်သူများအတွက် နိုင်ငံခြားငွေစီးဝင်မှုနှင့် စီးထွက်မှုကို စနစ်တကျနှင့်မှန်ကန်စေရန် နိုင်ငံတော်နှင့် ပုဂ္ဂလိကကဏ္ဍမှ စီးပွားရေးလုပ်ငန်းရှင်များအားလုံး ပူးပေါင်းပါဝင်ကြရမည် ဖြစ်ပါကြောင်း၊ စားသုံးသူပြည်သူများ အနေဖြင့်လည်း ထိတ်လန့်ပြီး ဝယ်ယူမှုများမဖြစ်စေရန် လိုအပ်ကြောင်း၊ ဈေးနှုန်းသည် Demand နှင့် Supply ရောင်းလိုအားနှင့် ဝယ်လိုအားဖြစ်ကြောင်း၊ ကြောက်အားလန့်အားဖြင့် ဝယ်ယူလေ ဈေးနှုန်းပိုတက်လေဖြစ်ပြီး ဈေးနှုန်းတည်ငြိမ်မှု ခဲယဉ်းလေဖြစ်ကြောင်း၊ ထို့ကြောင့် ယနေ့ FESC ၏ လုပ်ငန်းရပ်များကို ရှင်းလင်းတင်ပြပြီး ပုဂ္ဂလိကကဏ္ဍမှ ပူးပေါင်းဆောင်ရွက်မှုများ၊ အမြတ်ကိုရှေ့တန်းတင်လွန်းခြင်းမရှိဘဲ၊ ဝိသမလောဘမပါဘဲ နိုင်ငံတော်နှင့်အတူ ပြည်သူများအတွက် ပူးပေါင်းပါဝင်နိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။
ကုန်စည်ဈေးနှုန်းနှင့်ပတ်သက်သည့် အပိုင်းများကို ရှင်းလင်းတင်ပြ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းက (၂၂) ကြိမ် မြောက်သတင်းစာရှင်းလင်းပွဲတွင် မိမိအနေဖြင့် အပိုင်းနှစ်ပိုင်းရှင်းလင်းတင်ပြသွားမည်ဖြစ်ကြောင်း၊ ပထမပိုင်းအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အဓိကတာဝန်ယူဆောင်ရွက်နေသည့် ပြည်ပပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်၍ ဆောင်ရွက်နေသည့်အပိုင်းများ၊ ဒုတိယဝန်ကြီးများရှင်းလင်းခဲ့သည့် ကုန်စည်ဈေးနှုန်းနှင့်ပတ်သက်သည့် အပိုင်းများကိုလည်း ရှင်းလင်းတင်ပြသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက် (၃) ရပ်ကိုလည်း ပြောကြားသွားပြီးဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း အဓိကပို့ကုန်၊ သွင်းကုန်ကိစ္စဆောင်ရွက်သည့်အခါ အဓိကပို့ကုန်ပိုင်းမှာ မြန်မာနိုင်ငံက လယ်ယာစိုက်ပျိုးရေးကို အခြေခံထုတ်လုပ်ခြင်းဖြစ်သည့်အတွက် ပို့ကုန်နှင့်ပတ်သက်သည့်မူဝါဒသည် ပြည်တွင်း၌ဖူလုံပြီး ပိုလျှံလျှင်ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရန် လုပ်ငန်းစဉ်များကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လက်ရှိအနေအထားမှာ ရှေ့တွင်ဆွေးနွေးခဲ့သကဲ့သို့ လက်ရှိသုံးစွဲနေသည့် ဒေါ်လာငွေသုံးစွဲမှုကို လျှော့ချကာအခြားအိမ်နီးချင်းနိုင်ငံများနှင့် မိမိတို့နိုင်ငံ၏ ငွေကြေးများကိုသုံးစွဲပြီး ကုန်သွယ်မှုဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဗဟိုဘဏ်၊ FESC ကော်မတီတို့က ဆောင်ရွက်ထားကြကြောင်း၊ ၎င်းအပေါ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း လိုက်ပါဆောင်ရွက်နေသည့် အခြေအနေများရှိကြောင်း၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတွင်သုံးစွဲသည့် မြန်မာကျပ်ငွေဘဏ်စနစ်ကို သုံးစွဲရန်ဖြစ်ကြောင်း၊ အဓိကအားဖြင့် ဘဏ်စနစ်ကိုသုံးစွဲပြီး ကုန်သွယ်မှုကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်၏ မူဝါဒဖြစ်ခြင်းကြောင့် ဘဏ်စနစ်ကို ဆောင်ရွက်သည့်အခါ ဘတ်နှင့်ကျပ်ငွေ ဆောင်ရွက်ရန်ကိစ္စကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှစပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတင်းလွှာထုတ်ပြန်ကာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားသည်။
ပို့ကုန်မှရငွေဖြင့် သွင်းကုန်များကို ဆောင်ရွက်နိုင်မည်
ထိုသို့ဆောင်ရွက်ရာတွင် ထိုင်းနိုင်ငံကပို့ကုန် တင်ပို့သည့်ငွေများ၊ အခြားရငွေဖြစ်သည့် နိုင်ငံခြားသို့သွားရောက်လုပ်ကိုင်သည့် သူများလည်း ရှိသည့်အတွက် ထိုငွေနှင့်ရသည့်ငွေများကို ဘဏ်ထဲသို့သတ်မှတ်သည့် လုပ်ထုံးလုပ်နည်းစနစ်များနှင့် ထည့်သွင်းဆောင်ရွက်ရကြောင်း၊ ဘဏ်ထဲရောက်နေသည့်ဘတ်ကို သွင်းကုန်ဆောင်ရွက်သည့်အခါ ဘဏ်စနစ်ကိုသုံးပြီး ဆောင်ရွက်ရန် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်ခဲ့ခြင်းရှိကြောင်း၊ ၂၀၂၃ခုနှစ် ဇူလိုင်လတွင် အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုများ ဆောင်ရွက်သည့်အခါ ယွမ်နှင့်ကျပ်ငွေကို ဘဏ်စနစ်သုံးပြီး ဆောင်ရွက်နိုင်ရန် သတင်းလွှာထုတ်ပြန်ခဲ့ခြင်းရှိကြောင်း၊ ယင်းသတင်းလွှာထုတ်ပြန်ပြီး ရရှိသည့်ငွေကြေးယွမ်ကို သတ်မှတ်သည့်ဘဏ်များ၌ ဘဏ်ကိုအသုံးပြုပြီး သွင်းကုန်လုပ်ငန်းများဆောင်ရွက်ရန် လုပ်ဆောင်ပေးခဲ့ကြောင်း၊ ပြီးခဲ့သည့်ကာလတွင် ပို့ကုန်နှင့်ပတ်သက်ပြီး မိမိတို့က ပို့ကုန်များများတင်ပို့နိုင်ရန်နှင့် ပို့ကုန် တင်ပို့နိုင်မှသာလျှင် ထိုပို့ကုန်မှရငွေဖြင့် သွင်းကုန်များကို ဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် ပို့ကုန်များကို တိုးမြှင့်တင်ပို့နိုင်ရေး မိမိတို့ဝန်ကြီးဌာနအနေဖြင့် အထူးအလေးပေး ဆောင်ရွက်ထားကြောင်း ပြောကြားသည်။
နယ်စပ်ပို့ကုန်လုပ်ငန်းများဆောင်ရွက်သည့် လုပ်ငန်းများတွင် ယခင်ကပို့ကုန်ရငွေ MFTB ကို သက်ဆိုင်ရာငွေကြေးနှင့် ပို့ကုန်ရငွေရရှိပြီးမှသာ ပို့ကုန်ခွင့်ပြုခြင်းကို ဆောင်ရွက်ပါကြောင်း၊ ပို့ကုန်လုပ်ငန်းရှင်များ ပိုပြီးလွယ်ကူချောမွေ့စေရန်အတွက် ထိုငွေအစားကို မြန်မာကျပ်ငွေနှင့် သက်ဆိုင်ရာဘဏ်ထဲရှိ ၎င်းတို့၏မြန်မာကျပ်ငွေ ရှိထားသည်ဆိုလျှင် မြန်မာကျပ်ငွေ Deposit ထားလျှင် Deposit အပေါ်မူတည်ပြီး တင်သွင်းမည့်ပစ္စည်းများကို မိမိတို့အနေဖြင့် ခွင့်ပြု၍ ဖြေလျှော့ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းကြောင့် ပို့ကုန်လုပ်ငန်းပိုင်းတွင် ပိုပြီးလျင်မြန်ချောမွေ့စေရေးကို အထောက်အကူဖြစ်စေရန် ဆောင်ရွက်ခဲ့ခြင်းရှိကြောင်း၊ ထို့အတူ မြဝတီလမ်းကြောင်းတွင် မြေပြိုကျမှုဖြစ်ပြီး လမ်းကြောင်းဆက်သွယ်မှု ပြတ်တောက်သွားကြောင်း၊ လမ်းကြောင်း ပြတ်တောက်သွားသည့်အတွက် ထိုင်းနိုင်ငံကို တင်ပို့သည့်ပို့ကုန်များအပြင် အခြားနိုင်ငံများသို့တင်ပို့နေသည့် ကုန်ပစ္စည်းများ ရပ်တန့်မှုမရှိစေရေးအတွက် အချိန်နှင့်တစ်ပြေးညီ မြဝတီပို့ကုန်လိုင်စင် ယူထားသည်ဆိုလျှင်၊ မြဝတီလမ်းကြောင်းမှ မပို့နိုင်တော့လျှင် အခြားလမ်းကြောင်း၊ ပင်လယ်ရေကြောင်းမှဖြစ်စေ အခြားစခန်းများမှ တင်ပို့နိုင်ရန်အတွက်သတင်းလွှာကို အချိန်မီထုတ်ပြန်၍ သက်ဆိုင်ရာလုပ်ငန်းရှင်များကိုအသိပေးပြီး ပို့ကုန်တင်ပို့နိုင်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးခဲ့ကြောင်း၊ အလားတူ သွင်းကုန်ပိုင်းတွင် အဓိကသွင်းကုန်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတွင် သွင်းကုန်ကုန်ကြမ်းအဖြစ်တင်သွင်းကာ ကုန်ချောထုတ်နိုင် မည့်လုပ်ငန်းများကို သွင်းကုန်လိုင်စင်များ ပိုမိုဆောင်ရွက်ပေးခြင်းရှိကြောင်း၊ သွင်းကုန်အစားထိုး ကုန်ကြမ်းတင်သွင်းပြီး ထုတ်လုပ်ကြောင်း၊ ထုတ်လုပ်လိုက်သည့် ပစ္စည်းက ပြည်ပမှတင်သွင်းသည့် ကုန်ချောများကို အစားထိုးနိုင်ရန်အတွက် သွင်းကုန်မူဝါဒနှင့်အညီ ဆောင်ရွက်ပေးနေကြောင်း၊ MSME ၏ ထုတ်လုပ်သည့် ကုန်ပစ္စည်းများမှာ ပြည်ပမှ မဖြစ်မနေတင်သွင်းရသည့် ကုန်ပစ္စည်းများရှိကြောင်း၊ ဥပမာ - သွင်းအားစုကဲ့သို့ ဓာတ်မြေဩဇာမှစပြီး စက်မှုကုန်ကြမ်းပစ္စည်း စသည်တို့ကို သွင်းကုန်အနေဖြင့် ဆောင်ရွက်ပေးရန်ကိစ္စများကို လွယ်ကူချောမွေ့အောင်လုပ်ပြီး ဆောင်ရွက်ပေးသည့်အပိုင်းများရှိကြောင်း ပြောကြားသည်။
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၏အခြေခံအကြောင်းတရားများ
ဒုတိယပိုင်းအနေဖြင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြည်ပကုန်သွယ်ရေး တင်မကပြည်တွင်းကုန်သွယ်ရေးကိစ္စ ဆောင်ရွက်သည့်အခါ တက်ရောက်လာသည့် သတင်းမီဒီယာများစိတ်ဝင်စားမည့် ကုန်ဈေးနှုန်းကိစ္စများကို မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပါဝင်ဆောင်ရွက်နေသည့် အပိုင်းများကိုလည်း ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၏ အဓိကအခြေခံအကြောင်းတရားများကို ကြည့်မည်ဆိုလျှင် ကုန်စည်ထုတ်လုပ်မှုနှင့် စားသုံးမှုမမျှတခြင်း၊ သွင်းအားစုဈေးကြီးမြင့်ခြင်းကြောင့် ကုန်ထုတ်လုပ်မှုဈေးမြင့်ခြင်း၊ ဝိသမလောဘသားများက မမှန်မကန်ကောလာဟလ သတင်းများထုတ်လွှင့်ပြီး ဈေးကစားခြင်းတို့ကြောင့် ကုန်ဈေးနှုန်းအပေါ် သက်ရောက်မှုရှိခြင်းဖြစ်ကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်းကြီးမြင့်မှုအများစုသည် ဝိသမလောဘသားများ၏ လှုံ့ဆော်မှုကြောင့်ဖြစ်သည်ကို အဓိကတွေ့ရကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ဈေးကစားနေသူများကို ထိထိရောက်ရောက်အရေးယူရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ထို့အတူ အခြေခံစားသောက်ကုန်များ ဈေးနှုန်းကြီးမြင့်မှုမဖြစ်ပေါ်စေရန်နှင့် ကုန်ပစ္စည်းပြတ်လပ်မှုများ မရှိစေရေးအတွက် ပိုမိုထိရောက်အောင်ဆောင်ရွက်နိုင်ရန် နိုင်ငံတော်က ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီကို ဖွဲ့စည်းထားကြောင်း၊ မူလတွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဦးဆောင်ကြောင်း၊ ယခုအခါ နိုင်ငံတော်အစိုးရက လုပ်ငန်းစဉ်များကို ပိုမိုထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန် ဒုတိယဝန်ကြီးချုပ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်ပြီး ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်နေကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီများ ပြင်ဆင်ဖွဲ့စည်းပြီး စားရေရိက္ခာ ပြည့်ပြည့်ဝဝထုတ်လုပ်နိုင်ရန် ထိထိရောက်ရောက် ကူညီပံ့ပိုးဆောင်ရွက်နေကြောင်း၊ ပြည်ထောင်စုကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီအနေဖြင့် ဒေသအသီးသီးတွင် ဖြစ်ပေါ်နေသည့် ကုန်ဈေးနှုန်းများကိုနေ့စဉ်စိစစ်ပြီး လိုအပ်သည့်ထိန်းကျောင်းမှုများကို စီမံဆောင်ရွက်နေကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် အဓိကဆန်စပါးအပါအဝင် ပဲ၊ ပြောင်း၊ နှမ်းအစရှိသည့် လယ်ယာထွက်ကုန် သီးနှံများထွက်ရှိမှုသည် လက်ရှိပြည်တွင်းစားသုံးမှု လုံလောက်သည့်အပြင် ပြည်ပကိုတင်ပို့ရောင်းချနိုင်သည့် အခြေအနေဖြစ်ကြောင်း၊ ပို့ကုန်၊ သွင်းကုန်မူဝါဒအရ သွင်းအားစုများနှင့်ပတ်သက်ပြီး နိုင်ငံတော်က စိုက်ပျိုးထုတ်လုပ်မှုကို အားပေးသည့်အနေဖြင့် သွင်းအားစုများကို ခွင့်ပြုဆောင်ရွက်နေခြင်းများ ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ယခင်နှစ်တွင် ဓာတ်မြေဩဇာအမျိုးမျိုးတင်သွင်းခြင်းကို တန်ချိန်သုံးသိန်းကျော်ခန့် တင်သွင်းခဲ့ကြောင်း၊ ယခုနှစ်တွင် ခြောက်သိန်းခန့် (နှစ်ဆနီးပါး) တင်သွင်းပြီး လယ်ယာ ထွက်ကုန်သွင်းအားစုအတွက် လုံလောက်အောင် ပံ့ပိုးပေးနေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း ပြောကြားသည်။
မိုးစပါးကို ထိခိုက်နိုင်ခြေမရှိဟု ခန့်မှန်း
အထူးသဖြင့် မိမိတို့မတတ်နိုင်သည့် သဘာဝဘေးအန္တရာယ်သည် ကမ္ဘာပေါ်ရှိနိုင်ငံအသီးသီး၌ ယခုနှစ်တွင် အယ်လ်နီညို၏သက်ရောက်မှုများ ရှိလာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကမ္ဘာ့စားရေရိက္ခာထုတ်လုပ်မှုများ ထိခိုက်နိုင်မည်ဖြစ်သည့်အတွက် မိမိတို့အနေဖြင့်လည်း ကြိုတင်လေ့လာဆန်းစစ်မှုများကို ပြုလုပ်ထားကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စားရေရိက္ခာအထွက်နှုန်းများ လျော့ကျမည်ကို ခန့်မှန်းထားကြောင်း၊ သို့သော် မြန်မာနိုင်ငံသည် အီကွေတာ၏ မြောက်ဘက်ခြမ်းတွင်တည်ရှိသည့်အတွက်ကြောင့် အယ်လ်နီညိုစတင်သည့်ကာလ ခန့်မှန်းခြေသည် လာမည့်အောက်တိုဘာလတွင် ဖြစ်မည်ဟုခန့်မှန်းကြောင်း၊ နိုဝင်ဘာလတွင် မိုးစပါးပေါ်မည်ဖြစ်ကြောင်း၊ အောက်တိုဘာလတွင် အယ်လ်နီညိုစဝင်မည်ဖြစ်သည့်အတွက် မိုးစပါးကိုထိခိုက်နိုင်ခြေမရှိဟု ခန့်မှန်းရကြောင်း၊ လက်ရှိကာလတွင် မြန်မာနိုင်ငံ၏ ဆန်လက်ကျန်သည် မြေပြင်လက်ကျန်တွက်ချက်မှုအရ တန်ချိန် ၃ ဒသမ ၅ သန်းကျော်ခန့် ကျန်ရှိနေသည်ဟု တွက်ချက်၍ရကြောင်း၊ ယင်းပမာဏသည် လာမည့်နိုဝင်ဘာလ မိုးစပါးထွက်ရှိသည့်ကာလအထိ ပြည်တွင်းတွင်ဆန်ဖူလုံမှုရှိနိုင်သည်ကို တွေ့ရှိရကြောင်း၊ တစ်ဖက် တွင် ပြည်တွင်းဆန်ဈေးနှုန်း ကြီးမြင့်နေခြင်းကို ထိန်းကျောင်းနိုင်ရန် မိမိတို့က မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်နှင့်ပူးပေါင်းပြီး တိုက်ရိုက်ရောင်းချခြင်းများအပြင် နိုင်ငံတော်အနေဖြင့် အရန်ဆန်စုဆောင်းသည့် အစီအမံကိုလည်း ဆောင်ရွက်နေသည်ကို ပြောကြားလိုကြောင်း၊ ထို့အတူ ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းအစရှိသည့် လယ်ယာထွက်ကုန်များကိုလည်း ပြည်တွင်းစားသုံးမှုဖူလုံပြီး ပြည်ပသို့တင်ပို့နိုင်သည့် ပမာဏများကျန်ရှိနိုင်သည်ကို စိစစ်တွေ့ရှိရကြောင်း၊ အဓိကသက်ဆိုင်သည့် ဝန်ကြီးဌာနများနှင့်လည်း ပေါင်းစပ်ညှိနှိုင်းပြီး တွက်ချက်သည့်အခါ ပိုလျှံလုံလောက်မှုရှိသည်ကို တွေ့ရှိရကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်သူများ နေ့စဉ်အသုံးပြုနေသည့် စက်သုံးဆီ၊ စားအုန်းဆီများကို ပြည်ပမှတင်သွင်းမှုများအပေါ် ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးအတွက် သက်ဆိုင်ရာကော်မတီများက ဖြစ်ပေါ်လာသည့် ကမ္ဘာ့ဈေးနှုန်းများ၊ အခြေခံဈေးနှုန်းများ၊ နိုင်ငံခြားငွေတို့ကိုလည်း သတ်မှတ်ရည်ညွှန်းဈေးနှုန်းများဖြင့် ဝယ်ယူခွင့်ပြုထားပြီး ရောင်းချမည့်ဈေးနှုန်းများကိုလည်း သတ်မှတ်ကာ ဆောင်ရွက်နေသည်ကိုလည်း ရှင်းလင်းတင်ပြပါကြောင်း ပြောကြားသည်။
(ဆက်လက်ဖော်ပြပါမည်)