နေပြည်တော် ဩဂုတ် ၂၆
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် မွေးမြူရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာနရုံးဝင်းအတွင်း တိရစ္ဆာန်ဆေးကုဒီပလိုမာသင်တန်းကျောင်း ဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ဒုတိယဝန်ကြီးသည် သင်တန်းကျောင်းဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှု၊ တိရစ္ဆာန်ဆေးကုဒီပလိုမာသင်တန်းကျောင်း၊ တိရစ္ဆာန်ကုသမှုလေ့ကျင့်သင်ကြားရေး ဆေးရုံ၊ စာသင်ဆောင်၊ အိပ်ဆောင်များကို ကြည့်ရှုစစ်ဆေးကာ သင်ကြားရေးသင်ယူရေး အကြိုလုပ်ငန်းများ ဖြည့်ဆည်းဆောင်ရွက်ထားရှိရန် လိုအပ်ချက်များကို မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ် ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲတွင် ဖွင့်လှစ်ပို့ချလျက်ရှိသည့် အခြေခံပျားမွေးသင်တန်းအမှတ်စဉ် (၂၂) သင်တန်းသားများနှင့် တွေ့ဆုံပြီး ပျားရည်၊ ပျားဖယောင်းသန့်စင်အလုပ်ရုံသို့ရောက်ရှိကာ ဌာနနှင့်ပုဂ္ဂလိကများမှ သန့်စင်ရန်ပေးပို့လာသည့် ပျားရည်ကုန်ကြမ်းများကို စနစ်တကျစစ်ဆေးလက်ခံခြင်း၊ သိုလှောင်ခြင်း၊ ပျားရည်များကိုခွင့်ပြုချက်နှင့်အညီ သန့်စင်ပေးခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် တိရစ္ဆာန်မွေးမြူမှုဖွံ့ဖြိုးရေးဌာနစု (ပေါင်းငူ)၌ မျိုးရေခဲချောင်း ထုတ်လုပ်လျက်ရှိသည့် ရွှေနီ၊ ပါရှန်နှင့်ယရာမင်နွားသိုး မွေးမြူထားရှိမှု၊ ပျဉ်းမပင်မွေးမြူရေးခြံတွင် နေဗီယာပတ်ချောင်း၊ တေကူရန်၊ အစ္စရေးမြက်ချို၊ Ever Green Grass ၊ နှံစားပြောင်း၊ မွန်ဘားဆား၊ စတိုင်လိုမြက်မျိုးများ စိုက်ပျိုးထားရှိမှုနှင့် အပင်အမျိုးအစားအလိုက် အာဟာရပါဝင်မှုနှင့် မျိုးစေ့ထုတ်လုပ်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် (၂၆)မိုင် (၂)ဖာလုံရှိ ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန်၌ အသားစားနွားယီလင့်၊ အင်ဒိုဘရာဇီးနွားမျိုးများ မွေးမြူထားရှိမှုနှင့် ဖရီရှန်နို့စားနွားများ မွေးမြူထားရှိမှုတို့ကို ကြည့်ရှုအားပေးခဲ့သည်။
သတင်းစဉ်