Skip to main content

နိုင်ငံတကာအနုပညာဗဟိုဌာန (မန္တလေး) အဆောက်အအုံလက်ခံရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းစည်းဝေး

မန္တလေး ဩဂုတ် ၂၆

နိုင်ငံတကာအနုပညာဗဟိုဌာန(မန္တလေး) အဆောက်အအုံလက်ခံရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး သုံးထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ နိုင်ငံတကာအနုပညာဗဟိုဌာန(မန္တလေး) အဆောက်အအုံ လက်ခံရေးအဖွဲ့ဝင်များ၊ အရည်အသွေးစံချိန်စံညွှန်း စိစစ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သဘောတူစာချုပ်ပါလုပ်ငန်းများ စိစစ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နိုင်ငံတကာအနုပညာဗဟိုဌာန (မန္တလေး)အဆောက်အအုံ လက်ခံရေးအဖွဲ့ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် က အမှာစကားပြောကြားရာတွင် နိုင်ငံတကာအနုပညာဗဟိုဌာနကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် တစ်ခုစီဆောက်လုပ်ခဲ့ရာ အကြမ်းထည်များ ပြီးစီးနေပြီဖြစ်ပါကြောင်း၊ ဆောက်လုပ်ဆဲ ရန်ကုန်မြို့မှ အဆောက်အအုံကို သာသနာရေးနှင့်ယဉ်ကျေးမှဝန်ကြီးဌာနက လည်းကောင်း၊ မန္တလေးမြို့မှအဆောက်အအုံကို ပြန်ကြားရေးဝန်ကြီးဌာနက လည်းကောင်း လက်ခံရယူပြီး ပြီးစီးအောင်ဆက်လက် ဆောင်ရွက်သွားရန် ရှိပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနက လွှဲပြောင်းလက်ခံရာတွင် အရည်အသွေးစံချိန်စံညွှန်းစိစစ်ရေးအဖွဲ့ အနေဖြင့် တည်ဆောက်ထားသည့် အဆောက်အအုံ၏ ဒီဇိုင်း၊ အတိုင်းအတာနှင့် အသုံးပြုထားသည့် ဆောက်လုပ်ရေးပစ္စည်းများသည် မူလစာချုပ်ပါ ဒီဇိုင်းနှင့် လျာထားချက်ငွေများအတိုင်း တိကျမှန်ကန်စွာဆောင်ရွက်ထားခြင်း ရှိ/မရှိ၊ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများအတိုင်း တည်ဆောက်ထားခြင်း ရှိ/မရှိ လက်ခံရန်လိုအပ်ပါကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများတွင် အရည်အသွေးစိစစ်ရေးအဖွဲ့ အဆင့်ဆင့် စစ်ဆေးဆောင်ရွက်ထားမှု ရှိ/မရှိ စိစစ်ပေးကြရန် ဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ သဘောတူစာချုပ်ပါ လုပ်ငန်းများ စိစစ်ရေးအဖွဲ့အနေဖြင့် သဘောတူစာချုပ်ပါ စည်းကမ်းများအတိုင်း ငွေပေးချေထားမှု အခြေအနေများ ထုတ်ယူရရှိသည့် ငွေကြေးများနှင့်ပတ်သက်၍ သက်ဆိုင်ရာကုမ္ပဏီက နိုင်ငံတော်သို့အခွန်ပေးဆောင်မှု အခြေအနေလုပ်ငန်းများ သတ်မှတ်ချိန်အတွင်း ပြီးစီးမှု ရှိ/မရှိ၊ ပြီးစီးမှုမရှိပါက မည်သည့်အကြောင်း​ကြောင်းကြောင့် ကြန့်ကြာမှုရှိခဲ့သည်တို့ကို စိစစ်ပေးကြစေလိုပါကြောင်း၊ ၎င်းစိစစ်မှုများပြီးစီးမှသာ အဆောက်အအုံကို အမြန်ဆုံးလွှဲပြောင်းလက်ခံနိုင်မည် ဖြစ်ပါကြောင်း၊ လွှဲပြောင်းလက်ခံပြီး အဆောက်အအုံပြီးစီးအောင် ဆက်လက်ဆောက်လုပ်ရမည့် လုပ်ငန်းများ ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ သို့ပါ၍ စိစစ်ရေးအဖွဲ့များအနေဖြင့် တိတိကျကျမှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် စိစစ်ပေးကြစေလိုပါကြောင်းနှင့် လက်ခံပြီးပါက တည်ဆောက်ရေးဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဆွေးနွေး​ပြောကြားသည်။

ထို့နောက် ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ အတွင်းရေးမှူး ဦးအေးကြွယ်တို့က ဆက်လက်ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေးကြသည်။ ယင်းနောက် ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အဆောက်အအုံလက်ခံရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ၇၃ လမ်းပေါ်ရှိ နိုင်ငံတကာအနုပညာဗဟိုဌာန (မန္တလေး) အဆောက်အအုံကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်