နိုင်ငံတစ်နိုင်ငံတွင် တိုးတက်ဖြစ်ပေါ်နေသည့် ကိန်းဂဏန်းအချက်အလက်များ မှန်ကန်စွာ ရရှိထားရေးသည် အလွန်အရေးကြီးသောလုပ်ငန်းစဉ်ဖြစ်သည်။ ကိန်းဂဏန်းအချက်အလက်များ မှန်ကန်စွာရရှိထားပါမှ နိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးစသည့် ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်မည်ဖြစ်သည်။ ကိန်းဂဏန်းအချက်အလက်များ မှန်ကန်စွာရရှိရေးအတွက် ကမ္ဘာပေါ်ရှိနိုင်ငံများသည် သန်းခေါင်စာရင်းကောက်ယူရေးကို စနစ်တကျ ဆောင်ရွက်ကြသည်။
လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းသည် တစ်နိုင်ငံလုံး “လှည်းနေလှေအောင်း မြင်းဇောင်းမကျန်” ဆိုသကဲ့သို့ မကျန်ရအောင် ဆောင်ရွက်ရသဖြင့် လုပ်ငန်းပမာဏ ကြီးမားကျယ်ပြန့်ပြီး ကုန်ကျစရိတ်များပြားသည်။ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများစုတွင် ၁၀ နှစ်လျှင်တစ်ကြိမ် လူဦးရေ သန်းခေါင်စာရင်းကောက်ယူလေ့ရှိသည်။ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ်၌ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူပြီးနောက် ၁၀ နှစ်ကြာသည့် လာမည့် ၂၀၂၄ ခုနှစ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ကောက်ယူတော့မည်ဖြစ်သည်။
“သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် အချိန်၊ ငွေကြေးနှင့် လူအင်အားအပါအဝင် အရင်းအမြစ်ပေါင်းများစွာကို ရင်းနှီးစိုက်ထုတ်ထားရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် သန်းခေါင်စာရင်းရလဒ်များသည် နိုင်ငံတော်အတွက် အသုံးဝင်သည့် အချက်အလက်များ ဖြစ်သည့်အတွက် သန်းခေါင်စာရင်းကောက်ယူ ရေးလုပ်ငန်းစဉ်တစ်ခုလုံး ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ကြရန်နှင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်သွားကြရန်” နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဩဂုတ် ၂၂ ရက်တွင်ကျင်းပသည့် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုက်တွန်းပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသည့်နိုင်ငံဖြစ်ပြီး စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးအတွက် အခြေခံအကျဆုံးဖြစ်သော တိကျမှန်ကန်သည့်လူဦးရေနှင့် လူမှုစီးပွားရေးအခြေအနေများကို အုပ်ချုပ်မှုဒေသအသေးငယ်ဆုံးအဆင့်အထိ မှန်မှန်ကန်ကန်ရရှိနိုင်ရန် မဖြစ်မနေကောက်ယူ ရမည်ဖြစ်ရာ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ပြည်လုံးကျွတ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူသွား မည်ဖြစ်သည်။
လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောင်မြင်စွာကောက်ယူနိုင်ရန်နှင့် စာရင်းကောက်ယူရာတွင် ကြုံတွေ့လာနိုင်သည့်အခက်အခဲများကို ကြိုတင်ပြင်ဆင်ထားနိုင်ရန် ရှေ့ပြေးစမ်းသပ်သန်းခေါင်စာရင်း ကောက်ယူရေးကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ၌ မြို့နယ် ၂၀ အတွင်းရှိ စာရင်းကောက်ကွက် ၁၀၀ တွင် ပဏာမဆောင်ရွက်သွားမည်ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောင်မြင်စွာကောက်ယူခဲ့ပြီး ၂၀၁၉ ခုနှစ်တွင်လည်း ကြားဖြတ်လူဦးရေသန်းခေါင်စာရင်းကို ကောက်ယူနိုင်ခဲ့သည့် အတွေ့အကြုံများရှိပြီးဖြစ်သည်။ ယခင်သန်းခေါင်စာရင်းများ ကောက်ယူစဉ်က နိုင်ငံတကာအဖွဲ့အစည်းများ၏ နည်းပညာနှင့် ငွေကြေးဆိုင်ရာအထောက်အပံ့များ ရယူဆောင်ရွက်ခဲ့သော်လည်း ယခုဆောင်ရွက်မှုတွင် နိုင်ငံရှိအစိုးရနှင့် ပြည်သူ ပူးပေါင်းဆောင်ရွက်မှုနှင့် နိုင်ငံတော်ဘဏ္ဍာငွေအင်အားများဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။
သန်းခေါင်စာရင်းကောက်ယူရေးသည် နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် ပြည်သူအားလုံးနှင့်သက်ဆိုင်ပြီး သန်းခေါင်စာရင်းကောက်ယူခြင်း အကျိုးရလဒ်များသည် နိုင်ငံတော်အတွက် အရေးပါသဖြင့် ပြည်သူများအနေဖြင့် မှန်မှန်ကန်ကန်ဖြေဆိုမှသာ အချက်အလက်အရည်အသွေးများ ကောင်းမွန်မည်ဖြစ်သည်။ ထို့ကြောင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းလုပ်ငန်းနှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်ရန် မီဒီယာကဏ္ဍမှ ပါဝင်ဆောင်ရွက်မှုသည် အရေးကြီးသည်။ လူဦးရေနှင့် အိမ်အကြောင်းအရာကောက်ယူခြင်းကို ပြည်သူလူထုနားလည်သဘောပေါက်စေရန် အသိပညာပေးရေး၊ စည်းရုံးလှုံ့ဆော်ရေးကို မီဒီယာကဏ္ဍသာမက ဂီတအနုပညာကဏ္ဍကပါ ဆိုရှယ်မီဒီယာများမှတစ်ဆင့် လှုံ့ဆော်မျှဝေပေးကြရန် လိုအပ်ပေသည်။
မြန်မာနိုင်ငံ၏ လက်ရှိအနေအထားများအရ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် အချို့နေရာဒေသများ၌ စိန်ခေါ်မှုအမျိုးမျိုးနှင့် အခက်အခဲအမျိုးမျိုးရှိနိုင်သည်ဖြစ်ရာ တွေ့ကြုံလာနိုင်သည့် စိန်ခေါ်မှုများကို ကြိုတင်ပြင်ဆင်ကျော်လွှားနိုင်အောင် ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်သည်။ သို့ဖြစ်ရာ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းသည် နိုင်ငံအတွင်း နေထိုင်သူများအားလုံးနှင့်သက်ဆိုင်ပြီး နိုင်ငံတော်အတွက် အကျိုးရလဒ်ကောင်းများရရှိနိုင်သဖြင့် သက်ဆိုင်ရာဌာနများ၊ အခြားဆက်စပ်အဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံးက အမျိုးသားရေးတာဝန်အဖြစ် လက်တွဲ ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။