Skip to main content

ဆီအုန်း စိုက်ပျိုးထုတ်လုပ်မှုနှင့် ဆီစက်များ၏ ကြိတ်ခွဲထုတ်လုပ်နိုင်မှုစွမ်းအားမြှင့်တင်ရေး၊ ငါးပုစွန်မွေးမြူ ထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရေး၊ ဒေသ၏စားရေရိက္ခာဖူလုံရေးကိစ္စများ ဆွေးနွေး

နေပြည်တော် ဩဂုတ် ၂၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး သည် ယမန်နေ့ နံနက်ပိုင်းကတနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် သွားရောက်တွေ့ဆုံ၍ တနင်္သာရီတိုင်းဒေသကြီးရှိ ဆီအုန်းစိုက်ဧရိယာများ၏ ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုနှင့် ဆီစက်များ၏ ကြိတ်ခွဲထုတ်လုပ်နိုင်မှု စွမ်းအားမြှင့်တင်ရေးဆိုင်ရာများ၊ ပင်လယ်ပြင် ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းများအပြင် ငါးပုစွန်မွေးမြူ ထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာရေးနှင့် ဒေသ၏ စားရေရိက္ခာဖူလုံရေးအတွက် ဌာန၊ ပုဂ္ဂလိကနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီး တို့သည် ထားဝယ်မြို့နယ် မိုးစပါး စိုက်ခင်း၌ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ ရောနှောကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနား သို့ တက်ရောက်အားပေးပြီး တောင်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုး ရေးသွင်းအားစုစရိတ် သက်သာစေရန်၊ သီးနှံအထွက်နှုန်းနှင့် အရည်အသွေးကောင်းမွန်ပြီး တောင်သူ များ ထိုက်သင့်သည့် အကျိုးအမြတ် ရရှိစေရေးအတွက် ခေတ်မီစိုက်ပျိုး နည်းပညာများ လိုက်နာကျင့်သုံးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရန်နှင့် စိုက်ပျိုးမြေများ မြေဆီဩဇာထက်သန်စေရန် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာတွဲဖက်အသုံးပြုရန်နှင့် အပင် လိုအပ်ချက်အပေါ် မူတည်၍ သွင်းအားစုများ စနစ်တကျအသုံးပြုရန် ဆွေးနွေးပြောကြား သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ ဒုတိယဝန်ကြီးနှင့် တိုင်းဒေသကြီး ဝန်ကြီးများက တောင်သူများအား ကော်ဖီ၊ ကိုကိုး၊ အုန်း ပျိုးပင်များနှင့် သဘာဝမြေသြဇာ များကိုပေးအပ်ပြီး တောင်သူ ဦးအောင်မျိုးသန့်၏ ဆင်းသုခစပါးခင်းတွင် သဘာဝမြေသြဇာ ထည့်သွင်းကြဲပက်နေမှုကို ကြည့်ရှု အားပေးကြသည်။

တနင်္သာရီ တိုင်းဒေသကြီးအတွင်း ယခု ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးရာသီတွင် ၂၂၃၇၄၇ ဧက စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိကာ ယနေ့အထိ မိုးစပါး ၁၉၅၉၈၂ ဧက စိုက်ပျိုးခဲ့ပြီးဖြစ် ကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းမင်းလတ် တို့သည် ထားဝယ်ခရိုင် လောင်းလုံမြို့နယ် ဂေါ့အင်းကျေးရွာရှိ စိုက်ပျိုးရေးသိပ္ပံ (ထားဝယ်)သို့ ရောက်ရှိပြီး ဇူလိုင် ၂၀ ရက်က PDF အမည်ခံ အကြမ်းဖက်သမားများ၏ ဝင်ရောက်ဖျက်ဆီးခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရမှုအခြေ အနေများကို ကြည့်ရှုစစ်ဆေးပြီး အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ရေးနှင့် ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းဆိုင်ရာများကို တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးကြသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများအား တွေ့ဆုံ၍ ကော်ဖီ၊ ကိုကိုးနှင့် ဈေးကွက်ဝင် အမယ်သစ်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးအတွက် မျိုးကောင်းမျိုးသန့် ပျိုးပင်များရရှိရေး၊ တိုင်းဒေသကြီး၏ ဒေသဝမ်းစာဖူလုံပိုလျှံရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သော စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် လိုအပ်သော နည်းပညာနှင့် အကူအညီများ ဆောင်ရွက်ပေးနိုင်ရေး၊ သဘာဝငါးမျိုးပွားခြင်းကို ခေတ်မီ နည်းစနစ်များအသုံးပြု၍ လေ့လာ ဆောင်ရွက်ရန်၊ ရေလုပ်ငန်းကဏ္ဍ ရေရှည်ဖွံ့ဖြိုးရေးအတွက် ဌာနများအချင်းချင်း ပူးပေါင်းဆောင် ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။                 

သတင်းစဉ်