Skip to main content

အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်း ပြိုင်ပွဲအမျိုးအစားလေးမျိုး ယှဉ်ပြိုင်မည်

ရန်ကုန် ဩဂုတ် ၂၁

တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ကျင်းပမည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်းသည် ပြိုင်ပွဲ အမျိုးအစားလေးမျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

အာရှအားကစားပြိုင်ပွဲ၏ ပိုက်ကျော်ခြင်းအားကစားနည်းတွင် ပြိုင်ပွဲအမျိုးအစား ခြောက်မျိုး ထည့်သွင်းကျင်းပမည်ဖြစ်ပြီး အမျိုးသား ပြိုင်ပွဲနှစ်မျိုး၊ အမျိုးသမီးပြိုင်ပွဲနှစ်မျိုးတွင် ယှဉ်ပြိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။ မြန်မာပိုက်ကျော်ခြင်းအသင်းသည် လေးယောက်တွဲ အမျိုးသားပြိုင်ပွဲ၊ အမျိုးသမီးပြိုင်ပွဲ၊ သုံးယောက်တွဲ အမျိုးသားပြိုင်ပွဲနှင့် အမျိုးသမီးပြိုင်ပွဲတွင် ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာပိုက်ကျော် ခြင်းအသင်းသည် သုံးယောက်တွဲ အသင်းလိုက်အမျိုးသားပြိုင်ပွဲနှင့် အမျိုးသမီးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိကြောင်း သိရသည်။

အုပ်စုခွဲဝေထားမှုအရ လေးယောက်တွဲ အမျိုးသားပြိုင်ပွဲအုပ်စု (က)တွင် မြန်မာ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို၊ အုပ်စု(ခ)တွင် ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ အမျိုးသမီးပြိုင်ပွဲ အုပ်စု(က)တွင် ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဂျပန်၊ မြန်မာ၊ အုပ်စု(ခ)တွင် ဖိလစ်ပိုင်၊ လာအို၊ အိန္ဒိယနှင့် တရုတ်၊ သုံးယောက်တွဲ အမျိုးသား ပြိုင်ပွဲ အုပ်စု(က)တွင် မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ အုပ်စု(ခ)တွင် ထိုင်း၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ မြန်မာ၊ အမျိုးသမီးပြိုင်ပွဲ အုပ်စု(က)တွင် အိန္ဒိယ၊ ဗီယက်နမ်၊ တရုတ်၊ အုပ်စု(ခ)တွင် တောင်ကိုရီးယား၊ ထိုင်းနှင့်မြန်မာအသင်းတို့ ပါဝင်နေသည်။

မြန်မာပိုက်ကျော်ခြင်းအသင်းသည် ၂၀၁၀ နှင့် ၂၀၁၄ အာရှအား ကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုများ ရယူနိုင်ခဲ့သော်လည်း ၂၀၁၈ ပြိုင်ပွဲတွင်မူ ရွှေ၊ ငွေဆုတံဆိပ်များနှင့် လွဲချော်ပြီး ကြေးတံဆိပ်တစ်ခုသာ ရယူနိုင်ခဲ့သည်။ မြန်မာပိုက်ကျော်ခြင်းအသင်းသည် ယခုနှစ်အတွင်း တတိယမြောက် နိုင်ငံတကာပြိုင်ပွဲအဖြစ် အာရှအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပြီး မေလတွင် (၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ၊ ဇူလိုင်တွင် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။

ရဲရင့်လွင်