Skip to main content

အမေရိကန်အစိုးရ၏ ၂၀၂၃ ခုနှစ် လူကုန်ကူးမှုတိုက်ဖျက်ရေး အစီရင်ခံစာပါ အကြံပြုချက်များနှင့်   စပ်လျဉ်း၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေ

၁။ Safe Migration Facebook Page တွင် အလုပ်သမားရေးရာသတင်းအချက်အလက်များအား ဖြန့်ဝေလျက်ရှိပြီး လက်ရှိတွင် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်များ၊ အေဂျင်စီအစီအစဉ်ဖြင့် စေလွှတ်သည့် အလုပ်သမားများ၏ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြား (Overseas Worker Identification Card – OWIC) ပြုလုပ်ခွင့်ပြုသည့်စာရင်းများ၊ ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်းတက်ရောက်ခွင့်ပြုသည့်စာရင်းများအား  စဉ်ဆက်မပြတ် ကြေညာပေးလျက်ရှိပါသည်။

၂။ Compliant Mechanism Center များ၊ မြို့နယ်အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများ၊ ရွှေ့ပြောင်းအလုပ်သမားထောက်ပံ့ကူညီပေးရေးဗဟိုဌာနများ၊ အလုပ်သမားသံအရာရှိရုံးများနှင့် ဝန်ကြီးဌာနသို့ အလုပ်သမားရေးရာတိုင်ကြားမှုများအပေါ် လက်ခံဖြေရှင်းပေးလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း စုစုပေါင်း တရားစွဲဆိုမှု ၂ မှု၌ တရားစွဲဆိုခံရသူ ၂ ဦးရှိပါသည်။

၃။ ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာအလုပ်သမားများကို တရားဝင်ပြန်လည်လွှဲပြောင်းပေးခြင်းအား သက်ဆိုင်ရာနယ်စပ်ဂိတ်များတွင် ကော်မတီများဖွဲ့စည်း၍ ပြန်လည်ကြိုဆိုလက်ခံလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်း ကျား ၁,၁၇၀ ဦး၊ မ ၃၆၈ ဦး၊ စုစုပေါင်း ၁,၅၃၈ ဦးတို့ကို ပြန်လည်ကြိုဆိုလက်ခံခဲ့ပါသည်။

၄။ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနသည်  ပြည်တွင်းအလုပ်သမားခန့်ထားမှုနှင့် ပတ်သက်၍ ၁၉၅၉ ခုနှစ်၊ အလုပ်ခန့်ထားမှုကန့်သတ်ရေးအက်ဥပဒေနှင့်အညီ အလုပ်ရှာဖွေသူများ၏ ပညာအရည်အချင်း၊ ကျွမ်းကျင်မှုနှင့် အလုပ်လုပ်ကိုင်နိုင်စွမ်းပေါ်မူတည်၍ အလုပ်ရှင်များ၏ လိုအပ်ချက်အရ သင့်လျော်သူများကို ရွေးချယ်ခန့်အပ်နိုင်ရန် စည်းကြပ်ဆောင်ရွက်လျက်ရှိပြီး တည်ဆဲအလုပ်သမားဥပဒေများတွင် သန်စွမ်းသူ၊ မသန်စွမ်းသူ၊ ကျား/မခွဲခြားမှုမရှိဘဲ၊ မြို့ပြ/ကျေးလက်မကျန် အလုပ်အကိုင်နေရာချထားရေး၊ လုပ်ငန်းခွင်အေးချမ်းသာယာရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

၅။      အလုပ်သမားညွှန်ကြားရေးဦးစီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်(၁၅)ခုတွင် အလုပ်အကိုင်နှင့်အလုပ်သမားရှာဖွေရေးရုံး (၈၉) ရုံး၊ အထူးစီးပွားရေးဇုန် ရုံး (၃) ရုံး ဖွင့်လှစ်၍ ၁၉၅၉ ခုနှစ်၊ အလုပ်ခန့်ထားမှုကန့်သတ်ရေး အက်ဥပဒေနှင့်အညီ အလုပ်သမားရှာဖွေသူများအား အလုပ်သမားမှတ်ပုံတင်ပေးခြင်း၊ အစိုးရဌာန၊ အလုပ်သမား ၅ ဦးနှင့် အထက်ရှိသော သမဝါယမ၊ ဖက်စပ်နှင့် ပုဂ္ဂလိကလုပ်ငန်းများထံမှ  အမှာစာများလက်ခံခြင်း အမှာစာအရသင့်တော်သည့် မှတ်ပုံတင်အလုပ်သမားများအား စုဆောင်းပေးပို့ခြင်း၊ အလုပ်ရှင်များမှ ရွေးချယ်ထားသူများကို အလုပ်ခန့်အပ်နိုင်ရန် အလုပ်ခန့်ထားရေးကတ်ပြား (အလလခ ပုံစံ-၇) ထုတ်ပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

၆။ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများသည် ပြည်ထောင်စုနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်(၁၅)ခုရှိ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများတွင် အလုပ်ရှာဖွေသူများအနေဖြင့် အလုပ်သမားမှတ်ပုံတင်နိုင်ပြီး ယင်းကဲ့သို့ အလုပ်သမားမှတ်ပုံတင်ထားသော အလုပ်ရှာဖွေသူများအတွက် အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများအနေဖြင့် အလုပ်ရှင်များထံမှ အမှာစာများလက်ခံ၍ ၎င်းတို့၏ ကျွမ်းကျင်မှုအလိုက် အလုပ်ရရှိရေးချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါသည်။   

၇။ လုပ်သားထုကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်း ကျောင်းများတွင် ကျား ၄၉ ဦး၊ မ (၃) ဦး၊ စုစုပေါင်း ၅၂ ဦးတို့အား သင်တန်းအမျိုးအစားအလိုက် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းများပို့ချခဲ့ပြီး ကျား ၇၈ ဦး၊ မ ၁၂၆ ဦး၊ စုစုပေါင်း ၂၀၄ ဦး တို့အား ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်း ဆောင်ရွက်ပေးခဲ့ပါသည်။

အလုပ်သမားဝန်ကြီးဌာန