Skip to main content

တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင်အလှူငွေများ လှူဒါန်းပွဲအခမ်းအနား ကျင်းပ

နေပြည်တော်  ဩဂုတ် ၂၀

တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် အလှူငွေများလှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်၊ ပျဉ်းမနားမြို့ မဟာဝိသုတာရာမဈေးကုန်း ပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် နေပြည်တော်၊ ပျဉ်းမနားမြို့၊ အောင်စည်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏအမှူးပြုသော ဆရာတော်၊ သံဃာတော်များ၊  သီလရှင်ဆရာကြီးများ ကြွရောက်တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပျဉ်းမနားမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ပျဉ်းမနားမြို့ အောင်စည်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဇျာယ်သည့် မေတ္တာသုတ်ပရိတ်တရားတော်များကို နာကြားကြသည်။

ဆက်လက်၍ အောင်စည်သာကျောင်းတိုက်ဆရာတော်ထံ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးက လည်းကောင်း၊ မဟာဝိသုတာရာမဈေးကုန်း ကျောင်းတိုက်ဆရာတော်ထံ စစ်ဦးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ကလည်းကောင်း၊ မာန်အောင်ပရိယတ္တိစာသင်တိုက် ဆရာတော်ထံစစ်ဦးစီး အရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်ကလည်းကောင်း၊ အုန်းတောပရိယတ္တိစာသင်တိုက် ဆရာတော်ထံ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းကလည်းကောင်း လှူဖွယ်ပစ္စည်းများအသီးသီး ဆက်ကပ်လှူဒါန်းကြသည်။

ထို့နောက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များက လှူဒါန်းသောဆွမ်းဆန်တော်နှင့်ဆီ၊ ဆား၊ ပဲ၊ ဆေးများအား အောင်စည်သာကျောင်းတိုက်ဆရာတော်နှင့် ဆရာတော်သံဃာတော်များအား ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ဆွမ်းပဒေသာပင် အလှူတော်ငွေများကို တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များက အသီးသီးပေးအပ်လှူဒါန်းကြရာစစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်နှင့် စစ်ဦးစီးအရာရှိချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်တို့က လက်ခံရယူကြသည်။ ယင်းနောက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင်များ လှူဒါန်းရခြင်းရည်ရွယ်ချက်အား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးတစ်ဦးက ရှင်းလင်းလျှောက်ထားသည်။

ထို့နောက် အောင်စည်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်ထံမှ  အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားအား ရုပ်သိမ်းသည်။

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များ၊ သာသနာနွယ်ဝင် သီလရှင်စာသင်တိုက်များနှင့် ဘိုးဘွားရိပ်သာများသို့တပ်မတော် (ကြည်း၊ ရေ၊  လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ၂၀၀၆ ခုနှစ်မှစ၍ နှစ်စဉ်လှူဒါန်းလျက်ရှိပြီး ယနေ့လှူဒါန်းမှုအစုစုမှာ အလှူငွေကျပ် ၂၂၆၁၀၀၀၀ ကျပ်၊ ဆန် ၉၉၇ အိတ် ၈ ပြည်၊ ဆီ ၂၉၂ ဒသမ ၂၀ ပိဿာ၊ ပဲ ၂၇၉၇ ပိဿာ၊ ဆား ၂၇၉၇ ပိဿာ၊ ဆေးမျိုးစုံ ၃၄၈၀ ဘူးတို့အား လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။