ဘားအံ ဇန်နဝါရီ ၁၃
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၁၁ နာရီခန့်က ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့ မိတန်သမဂ္ဂ ဘုန်းတော်ကြီး ကျောင်း၌ ကျိုက်ဒုံမြို့ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ကျိုက်ဒုံမြို့ရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး အဘိုး/အဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ရှေ့ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တက်ရောက်လာသော ဒေသခံပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး အစရှိသည့် ဒေသ၏လိုအပ်ချက်များအား တင်ပြဆွေးနွေးရာ ပြည်နယ် ဝန်ကြီးချုပ်က သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ကျိုက်ဒုံမြို့ရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၃၂)ဦး အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ် လူမှုရေးပင်စင် ၉၆၀၀၀ဝိ/- ကျပ် ၊ ကိုယ်ဝန်ဆောင်မိခင် ၅၉၄ ဦးနှင့် အသက်(၂)နှစ်အောက်ကလေး ၅၉၂ ဦး စုစုပေါင်း ၁၁၈၆ ဦးအတွက် ထောက်ပံ့ငွေ ၅၂၉၃၅၀၀ဝိ/- ကျပ် စုစုပေါင်း ၅၃၈၉၅၀၀ဝိ/- ကျပ်ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ် အောက်ကလေးများအား အာဟာရ နို့မှုန့်နှင့်မုန့်များ လှူဒါန်းပေးအပ်ခဲ့သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)