နေပြည်တော် ဩဂုတ် ၁၉
ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္တုကံတော်တွင် တည်ထားပူဇော်ထားရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူ ဘုရားဖူး ပြည်သူများဖြင့် အထူးစည်ကားလျက်ရှိသည်။
ယနေ့တွင်လည်း ဘုရားဖူးလာရောက်ကြသည့် ရဟန်း၊ ရှင်လူပြည်သူများသည် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်များ၊ ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊ ရေပန်းရင်ပြင်၊ မာရဝိဇယ ကျောင်းတော်၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီ ၇၂၀ ဆူတို့ အပါအဝင် အခြားဘာသာရေးဆိုင်ရာ အဆောက်အဦများကို စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော်ကြည်ညို လေ့လာခြင်း၊ တရားဘာဝနာပွားများခြင်း၊ အသင်းအဖွဲ့အလိုက် ဝတ်ရွတ်ပူဇော်ခြင်းများ ဆောင်ရွက်ကြပြီး ကြည်ညိုသဒ္ဓါပွားများလျက် စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် အလှူငွေများကို ပေးအပ်လှူဒါန်းကြသည်။
အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်းရှင်လူအများပြည်သူများ အနေဖြင့် စက်တင်ဘာ ၃ ရက် အထိ နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း အခမဲ့လာရောက်ဖူး မြော်ကြည်ညိုနိုင်ရန် ဖွင့်လှစ်ထားရှိကြောင်းနှင့် ယနေ့ရုံးပိတ်ရက်တွင် အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူ တစ်သိန်းကျော် လာရောက်ဖူးမြော်ကြည်ညိုကြရာ အထူးပင်စည်ကားများပြားလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်