နေပြည်တော် ဩဂုတ် ၁၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း သမဝါယမစနစ်ဖြင့် ဆောင်ရွက်သည့် မိုးစပါးဧက ၁၀၀၀၀ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်ရေးကွင်းဆင်းကြည့်ရှုသည်။
ရှင်းလင်းတင်ပြ
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်မဒန်းဆည်ရေသောက်ဧရိယာအတွင်း မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေကြသည့် သမဝါယမအသင်းများမှ အသင်းအမှု ဆောင်များ၊ အသင်းသားများနှင့်တွေ့ဆုံရာ တာဝန်ရှိသူများက မဒန်းဆည်ရေသောက်ဧရိယာအတွက် ရေဖြန့်ဝေပေးနေမှုနှင့်သမဝါယမအသင်းများ မိုးစပါးစိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေကို ရှင်းလင်းတင်ပြကြသည်။
တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝမြင့်မားရေး၊ မိသားစုဝင်ငွေတိုးပွားရေးအတွက် နိုင်ငံတော်အစိုးရက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထောက်ပံ့လျက်ရှိပြီး မိုးစပါးစိုက်ပျိုးရေးလုပ်ငန်းအတွက် တစ်ဧကလျှင် ငွေကျပ်နှစ်သိန်းနှင့်ညီမျှသောမျိုး၊ သွင်းအားစု၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်အနေဖြင့် လိုအပ်သည့် အဆင့်မြင့်လယ်ယာ မြေဖော်ထုတ်ခြင်း၊ စနစ်တကျလယ်ယာမြေများ ဖော်ထုတ်ခြင်းနှင့် နည်းပညာအကူအညီများ ဆောင်ရွက်ပေးပြီးဖြစ်၍ တောင်သူများအနေဖြင့် မိမိတို့ စိုက်ပျိုးမြေများပေါ်တွင် အမှန်တကယ်စိုက်ပျိုးကြရန် တိုက်တွန်းပြောကြားပြီး သမဝါယမ အသင်းသားတောင်သူများ၏ မိုးစပါးစိုက်ပျိုးရေး လုပ်ငန်းနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များ ကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လယ်ဝေးခရိုင် ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ကျေးရွာအုပ်စု ပေါက်တောကျေးရွာ အုန်းတောကျောင်းတိုက်၌ အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာ သင်တန်းဖွင့်လှစ်ပို့ချနေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး သင်တန်းအောင်မြင်ပြီးသူများအနက် အမှန်တကယ် လုပ်ငန်းထူထောင်ဆောင်ရွက်မည့်သူ ငါးဦးကို ရွေးချယ်ကာ တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းနှင့်ညီမျှသော ခြေနင်းအပ်ချုပ်စက်၊ ဓားစက်၊ ဘီတင်စက်နှင့်ထုပ်သီးရိုက်စက်တစ်လုံးစီ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ထူးချွန်သင်တန်းသားငါးဦးကိုလည်း တစ်ဦးလျှင်မီးပူတစ်လုံးစီနှင့် စားပွဲခုံတစ်လုံးစီ ထောက်ပံ့ပေးသွားမည်ဖြစ်သဖြင့် သင်တန်းသူများအနေဖြင့် မိမိတို့ဘဝတိုးတက်ရေးအတွက် ကြိုးစားလေ့လာ သင်ယူကြရန်တိုက်တွန်းပြောကြား သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ဒက္ခိဏသီရိမြို့နယ် ကျွန်းတက်ပဲ့ကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာသို့ ရောက်ရှိကာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းစီမံကိန်း (RBF) ဖြင့် ဝက်မွေးမြူရေးအစုအဖွဲ့လေးဖွဲ့မှ DYL ဝက် ၅၇ ကောင်နှင့် ဆိတ် ၅၅ ကောင် မွေးမြူထားမှုကို ကြည့်ရှုစစ်ဆေးပြီး ယခုကျေးရွာသည် ဆည်ရေသောက်ဧရိယာဖြစ်သောကြောင့် စိုက်ပျိုးရေးလုပ်ငန်းများကို နှစ်သီးမှသုံးသီးတိုးချဲ့စိုက်ပျိုးကြရန်၊ အထွက်နှုန်းကောင်းပြီး ဈေးကွက်ဝင်သီးနှံများ စိုက်ပျိုးကြရန်၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများဖြင့် မိသားစုဝင်ငွေတိုးပွားရေးကြိုးပမ်းဆောင်ရွက်ကြရန်၊ ဝက်မွေးမြူသူများအနေဖြင့် ဝက်ရောဂါများမကျရောက်စေရေး ကာကွယ် ဆေးထိုးခြင်းလုပ်ငန်းကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူအဆင့်ဆင့်က ကူညီဆောင်ရွက်ပေးရန်မှာကြားကာ ကျေးရွာသူကျေးရွာသားများ၏ စိုက်ပျိုးရေးနှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းလိုအပ်ချက် များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်