နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားသော ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ် ၁၈ ရက်တွင်လည်း လာရောက်ဖူးမြော်သည့် အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိပြီး ဗုဒ္ဓရုပ်ပွားတော်မြတ်သို့ လာရောက်ဖူးမြော်သူများအနက်မှ တချို့အားတွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည်ဖော်ပြ လိုက်ရပါသည်။
ဦးထွန်းနိုင်(ဆွာမြို့)
ကျွန်တော်ကတော့ ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင် ဆွာမြို့ကပါ။ မိသားစုတွေအပါအဝင် အိမ်နီးချင်းတွေကို ကုသိုလ်ဖြစ်လိုက်ပို့ပေးတာပါ။ ကျွန်တော်တို့ လာဖူးတာ ၂၃ ယောက်ပါ။ ဒီဘုရား ကြီးကို အရင်ဆုံး အွန်လိုင်းပေါ်မှာ ဖူးမြော်ရတယ်။ ဘုရားကြီးက တအားလည်း သပ္ပာယ်တယ်။ ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူတွေလည်း အများကြီးလာရောက် ဖူးမြော်ကြတယ်။ ဒီကိုရောက်တော့ ဘုရားကြီးကို ဖူးမြော်လိုက်တဲ့အခါ တကယ်လည်းသပ္ပာယ်ပါတယ်။ ရင်ထဲလည်းအေးချမ်းသွား ပါတယ်။ အဲဒီတော့ ကြည်နူးရတာပေါ့။ ဒီတော့လိုက်ပို့ပေးရကျိုးလည်း နပ်တယ်ပြောရမယ်။ သူတို့တွေလည်းပျော်ရွှင်မယ်၊ အေးချမ်းမယ်၊ ကြည်နူးပီတိဖြစ်ကြမယ်လို့ ထင်ပါတယ်။ ဂန္ဓကုဋိတိုက်တွေထဲမှာ ရေးဆွဲထားတဲ့ ဗုဒ္ဓဝင်ဇာတ်တော်တွေနဲ့ ပတ်သက်တဲ့ပန်းချီကားတွေကို ဖတ်ရှုလေ့လာ ကြည့်ရတာ အတော်စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အဲဒီလိုလိုက်ဖတ် ကြည့်လိုက်တော့ စိတ်ထဲမှာပီတိဖြစ်တယ်၊ သံဝေဂတွေလည်းရတဲ့ သဘောမျိုးခံစားရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့က ဗုဒ္ဓဘာသာဝင်တွေဖြစ်တဲ့အတွက် ဘုရားရဲ့အရိပ်အာဝါသကို ခိုလှုံခွင့်ရတာနဲ့ စိတ်အေးချမ်းမှုရကြပါတယ်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးကိုထုဆစ်ပူဇော် ကိုးကွယ်တည်ဆောက်ပေးကြတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့လည်း ဒီလိုတည်ထားဖို့ဆိုတာကျွန်တော်တို့ လို သာမန်လူတွေလုပ်ဖို့မလွယ်ပါဘူး။ ခုတော့ ဒီလိုကြီးကျယ်ခမ်းနားတဲ့ ကမ္ဘာပေါ်မှာ အကြီးဆုံး မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းသာပီတိဖြစ်ရပါတယ်။ အခြားနေရာတွေကိုတော့ မရောက် သေးဘူး။ တစ်နေကုန် လေ့လာ ဖူးမြော်ပြီး ညပိုင်းမှပြန်မှာပါ။
ဒေါ်မွန်မွန်မြင့်(နေပြည်တော်)
ကျွန်မကတော့ အ.ထ.က(၆) နေပြည်တော်က Grade-10 မှာ အင်္ဂလိပ်စာသင်ပြနေတဲ့ ဆရာမပါ။ ဘုရားကြီးက ကမ္ဘာမှာဉာဏ်တော်အမြင့်ဆုံးဖြစ်တယ်။ သဘာဝစကျင်ကျောက်သား စစ်စစ်ကို ခေတ်မီစက်ကိရိယာတွေ အသုံးပြုပြီး ထုဆစ်ထားတယ်ဆိုတာကို ကျောင်းသားကျောင်းသူတွေ ဗဟုသုတရရှိအောင်နဲ့ ဖူးမြော်ကြည်ညိုနိုင်အောင်လာရောက် ပို့ဆောင်ပေးခြင်းဖြစ်ပါတယ်။ ဘုရားကြီးကိုဖူးမြော်ရတာလည်း ကြည်ညိုစရာကောင်းတယ်။ ဘုရားကြီးက တန်ခိုးလည်းကြီးတယ်။ မျက်နှာတော်ကိုဖူးခွင့်ရတာနဲ့ပဲ ဝမ်းသာပီတိကျေနပ်မိပါတယ်။ ပြီးတော့လည်း အသိပညာ၊ ဗဟုသုတတွေ ကြွယ်ဝစေဖို့ ကျောင်းသား ကျောင်းသူတွေကို နောက်ထပ်ပို့ဖို့ အစီအစဉ်ရှိပါသေး တယ်။
နော်ဆွိတီဖော(တောင်ငူမြို့)
မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးကကြည်ညိုစရာကောင်းပါတယ်။ ပြီးတော့ သူငယ်ချင်းတွေနဲ့လာတာဆိုတော့ ပျော်လည်းပျော်ရွှင်မိပါတယ်။ ဘုရားကြီးကစကျင်ကျောက်သားနဲ့ ထုဆစ် ပူဇော်ထားတာရယ်၊ ဘုရားကြီးပရိဝုဏ်တစ်ခုလုံး စကျင်ကျောက်ပြားတွေ ခင်းထားတာတွေက အမြင်သစ်နဲ့ ထူးခြားမှုကိုဖြစ်ပေါ် စေပါတယ်။ ဒီမှာကအေးချမ်းတယ်၊ သာယာတယ်၊ ကြည်နူးစရာ အပေါင်းနဲ့ ပြည့်နှက်နေပါတယ်။ ဘုရားကြီးကို ဖူးမြော်လိုက်ရတဲ့ အချိန်မှာလည်းအလုပ်မှာ ပင်ပန်းနွမ်းနယ်မှုတွေနဲ့ လမ်းခရီးမှာ ပင်ပန်းလာမှုတွေကိုပြေပျောက်သွားတယ်လို့ ခံစားမိပါတယ်။ အခုကတော့ သူငယ်ချင်းတွေနဲ့ လာရောက်ဖူးမြော်တာပါ။ နောက်တစ်ခေါက်ဆိုရင် မိသားစုနဲ့အတူ လာရောက်ဖူးပါဦးမယ်။
ဦးကိုကြီး(လားရှိုးမြို့)
ကျွန်တော်ကတော့ လားရှိုးမြို့ကပါ။ သူများတွေပြောတာရယ်၊ သတင်းစာတွေဖတ်ရတာရယ်ကြောင့် ဖူးမြော်ချင်လို့ ဒီကိုသီးသန့် လာရောက်ဖူးမြော်တာပါ။ နေပြည်တော်ကို ပြီးခဲ့တဲ့တစ်ရက် ကျော်လောက်ကတည်းက ရောက်တာပါ။ ရောက်ရောက်ချင်း လာဖူးတော့ ညပိုင်းရောက်နေတာ ရယ်၊ ဘုရားဖူးပရိသတ်တွေက ကြိတ်ကြိတ်တိုးဖြစ်နေတာနဲ့ ဒီနေ့ထပ်ပြီး လာရောက်ဖူးမြော်တာပါ။ ဒီမှာတော့ အမျိုးတွေအိမ်မှာပဲတည်းပါတယ်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ကိုယ်တိုင်လက်တွေ့ဖူးမြော်လိုက်ရတဲ့အချိန်မှာ ရင်ထဲမှာရော၊ စိတ်ထဲမှာပါအေးချမ်းသွားရပါတယ်။ ပြီးတော့ ဗိသုကာလက်ရာတွေလည်း ပြောမပြတတ်အောင် ပြောင်မြောက်နေတာတွေ့ရပါတယ်။ ဒီဘုရားကြီးက ကျွန်တော်တို့နိုင်ငံမှာ အထင်ကရဘုရားကြီး တစ်ဆူဖြစ်သလို မြန်မာနိုင်ငံသာမက ကမ္ဘာမှာတောင် အကြီးဆုံးရုပ်ပွားတော်မြတ်ကြီးဆိုတော့ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ အားရတယ်၊ ကျေနပ်တယ်၊ ဝမ်းသာပီတိဖြစ်ရပါတယ်။ ဗုဒ္ဓနွယ်ဝင် သူတော်စင်အပေါင်းနဲ့ အားလုံးသော ခုနစ်ရက်သားသမီး အပေါင်းဒီဘုရားကြီးကို လာရောက်ဖူးမြော်ကြဖို့ တိုက်တွန်းနှိုးဆော်ပါတယ်။
ဒေါ်ခင်ခင်ချို(မင်္ဂလာဒုံမြို့နယ်)
ကျွန်မကတော့ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ကပါ။ ဒီဘုရားကြီးက သပ္ပာယ်ပြီး ကြည်ညိုစရာကောင်းတာကြောင့် လာရောက်ဖူးမြော်တာပါ။ ဘုရားကြီးစတည်ကတည်းက ဖူးချင်စိတ်ဖြစ်မိတာပါ။ ဖူးချင်နေတာတော့ ကြာနေပြီပြောရမယ်။ အခုမှပဲ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဖူးမြော်နိုင်တော့တယ်။ ဘုရားကြီးကိုဖူးမြော်လိုက်ရတဲ့ အချိန်မှာလည်း စိတ်ကိုချမ်းသာ နေတာပဲ။ ပြောရမယ်ဆိုရင်ရင်ထဲမှာရှိတဲ့ သောကမီးတွေတောင် ပြေပျောက်သွားတယ်လို့ ထင်ပါ တယ်။ ဗုဒ္ဓဝင်ဇာတ်တော်တွေရေးဆွဲထားတဲ့ ပန်းချီကားတွေဆိုရင်လေ့လာစရာ၊ မှတ်သားစရာ၊ အတုယူစရာတွေအများကြီးပါပဲ။ ဘုရားကြီးစတည်ကတည်းက ခုချိန်ထိဘုရားကြီးရဲ့သမိုင်းကြောင်း တွေ၊ အဆင့်ဆင့်သယ်ဆောင်လာတာတွေနဲ့ စည်ကားများပြား တာတွေကို ရုပ်မြင်သံကြား၊ သတင်းစာ၊ အွန်လိုင်းပေါ်မှာ ကြည့်ရှု၊ ဖတ်ရှု၊ တွေ့မြင်ရတာနဲ့ပဲဝမ်းသာလို့မဆုံး၊ ကြည်နူးလို့မဆုံး ဖြစ်နေရတာပါ။ အခုလို ကိုယ်တိုင်လာရောက်ဖူးမြော်လိုက်ရတော့ ပြောမပြတတ်အောင် ကြည်ညိုသဒ္ဓါစိတ်တွေ ဖြစ်မိပါတယ်။
ဒေါ်အမာရီ(မြိတ်မြို့)
ကျွန်မကတော့ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ကပါ။ ဘုရားကြီးကို လာရောက်ဖူးမြော်ရတဲ့အတွက် ဝမ်းသာကြည်နူးမိပါတယ်။ ပြီးတော့ လောကကြီးကအေးချမ်းသွားတယ်လို့ခံစားရပါတယ်။ ကြည်နူးပီတိဖြစ်စရာကတော့ ဘုရားကြီးပရိဝုဏ် အဝင်မုခ်ဦးရောက်ကတည်းကပါ။ အထဲကို ဝင်လာလိုက်တော့ စိမ်းစိုလှပနေတဲ့ ရှုခင်းတွေ၊ ပြီးတော့ဘုရားကြီး၊ မုစလိန္ဒကန်နဲ့ နဂါးရုံစေတီ၊ နောက်တော့ သုဓမ္မာဇရပ်တွေ၊ ကျောက်စာရုံစေတီတွေကို အဝေးကနေ လှမ်းမျှော်ဖူးမြော်လို့ရနေ ကတည်းက စိတ်ကို အင်မတန်မှ ကြည်နူးစေပါတယ်။ အခုတော့ ဘုရားပဲဖူးရပါသေးတယ်။
မသီသီသင်း(နေပြည်တော်)
ကျွန်မကတော့ အ.ထ.က(၆) နေပြည်တော် Grade-10 က ကျောင်းသူပါ။ ဘုရားကြီးကို ဖူးမြော်ခွင့်ရဖို့အတွက်လိုက်ပို့ပေးတဲ့ ကျောင်းအုပ်ကြီးနဲ့တကွ ဆရာဆရာမအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ်။ အများသူငါဖူးမြော်နိုင်အောင် ဘုရားကြီးကိုကိုးကွယ် တည်ထားပေးကြတဲ့ ဦးဆောင်ဦးရွက်ဆောင်ရွက်ပေးသူတွေ အားလုံးကိုလည်းကျေးဇူးတင်ပါတယ်။ အခုဆိုရင် ဒီမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဟာ မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့အလယ်မှာပါကြီးကျယ်ခမ်းနားစွာနဲ့ တွေ့မြင်နိုင်ပါတယ်။ ပြီးတော့ ဗုဒ္ဓဝင်ဇာတ်တော်တွေကို ရေးဆွဲပုံဖော်ထားတဲ့ ပန်းချီကားချပ်တွေကလည်း ကျွန်မတို့ကျောင်းသားကျောင်းသူ လူငယ်လူရွယ်တွေအတွက် မှတ်သားဖွယ်ရာအင်မတန်မှ ကောင်းပါတယ်။ ဆရာဆရာမတွေ၊ သူငယ်ချင်းတွေနဲ့လာရတာဆိုတော့ ပျော်ရွှင်ရတယ်။ မြန်မာနိုင်ငံမှာ ထင်ရှားကျော်ကြားတဲ့ ဘုရားစေတီပုထိုးတွေအများကြီးရှိသလို ဒီမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကလည်း ဗုဒ္ဓဘာသာဝင်တိုင်း ဖူးမြော်သင့်တဲ့ဘုရားကြီးတစ်ဆူဖြစ်ပါတယ်။
တွေ့ဆုံမေးမြန်း
အလင်းသစ်၊ သန်းတင်အောင်
ဓာတ်ပုံ - နေမျိုး
ဦးကိုကြီး