Skip to main content

(၇) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ တတိယနေ့တွင် မြန်မာပြခန်းများ၌ ဝယ်ယူသူများဖြင့် စည်ကား

နေပြည်တော် ဩဂုတ် ၁၈

(၇) ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲ တတိယနေ့ကို ယနေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ Dianchi International Convention and Exhibition Center ၌ ဆက်လက် ကျင်းပရာ မြန်မာနိုင်ငံပြခန်းဆောင်၌ ယဉ်ကျေးမှုအကပဒေသာများဖြင့်ဖျော်ဖြေခဲ့ကြပြီး လာရောက်ကြည့်ရှုသူများဖြင့် စည်ကားလျက်ရှိသည်။

GMS ဖိုရမ်သို့တက်ရောက်ရန် ကူမင်းမြို့၌ရောက်ရှိနေသည့် မြန်မာနိုင်ငံမှတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးမျာ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံ ပြခန်းဆောင်နှင့် မြန်မာနိုင်ငံမှပါဝင်ပြသလျက်ရှိသည့် ပြခန်းများကို လာရောက်ကြည့်ရှုအားပေးကြသည်။

ထို့ပြင် မြန်မာစီးပွားရေး လုပ်ငန်းရှင်များနှင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်အဖွဲ့ ရှစ်ဖွဲ့သည် စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး သယ်ယူပို့ဆောင်ရေး (Logistics)၊ သစ်တောထွက်ကုန်များ၊ နှစ်နိုင်ငံအကြားကုန်ပစ္စည်း တင်ပို့တင်သွင်းနိုင်မည့် အခြေအနေများကိုဆွေးနွေးကြပြီး မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများကို ဝယ်ယူတင်သွင်းရာတွင် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်နှင့် လိုအပ်သောသတင်းအချက်အလက်များကို အလွယ်တကူရှာဖွေရရှိ နိုင်ရန်အတွက် မြန်မာနိုင်ငံ၌ Online Platform များတည်ထောင်ထားမှု အခြေအနေနှင့်ပတ်သက်၍ တရုတ်စီးပွားရေးလုပ်ငန်းရှင်များက သိရှိလိုသည်များမေးမြန်းမှုအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။ 

ကုန်စည်ပြပွဲတတိယနေ့တွင် မြန်မာပြခန်းများ၌ ဝယ်ယူသူများဖြင့်စည်ကားခဲ့ပြီး ကုန်စည်ပြပွဲကို သြဂုတ် ၂၀ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်